Connect with us

Local

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ နှစ်လကျော်ကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၁၅၆ ဒသမ ၃၈၄ သန်းဝင်ငွေပိုမိုရရှိ

တရုတ်-မြန်မာနယ်စပ်ဂိတ်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာ တတိယပတ်အထိ နှစ်လကျော်ကာလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၆ ဒသမ ၀၇၄ သန်း ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက် ၁၅၆ ဒသမ ၃၈၄ သန်း ဝင်ငွေပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်မှုအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဆင်ဟွာသို့ ဇန်နဝါရီလ ၆ ရက်တွင်ပြောသည်။

“လယ်ယာထုတ်ကုန်မှာ ကျွန်တော်တို့ အမေရိကန်ဒေါ်လာသန်း ၁၅၆ ဒသမ ၃၈၄ သန်း ပိုမိုတင်ပို့နိုင်ခဲ့တယ်။ COVID-19 ကာလ မှာ လယ်ယာထွက်ကုန်က ပိုမိုတင်ပို့နိုင်တဲ့အနေအထားရှိလာပါတယ်။လယ်ယာထွက်ကုန်မှာဆိုရင် ဆန်၊ဆန်ကွဲ ပိုင်းမှာနည်းနည်းလျော့တယ်။ ပဲမှာတိုးတယ်။ ပြောင်းဖူးစေ့မှာနည်းနည်းလျော့တယ်။ နှမ်းမှာနည်းနည်းလျော့တယ်။ ရာဘာမှာတိုးတယ်။ COVID-19 မှာက ဝယ်လိုအားများလာတယ်လို့ပဲ ယူဆရမှာပေါ့။ ကျွန်တော်တို့နိုင်ငံက အခုအခါမှာ လယ်ယာထွက်ကုန်အပိုင်းမှာ အများကြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်တယ်။ ဈေးကွက်သစ်ရှာဖွေတာတွေ တိုးချဲ့လုပ်ဆောင်တယ်။ နယ်စပ်က တင်ပို့တဲ့ တချို့သီးနှံတွေက ပင်လယ်ရေကြောင်း ကနေ တင်ပို့နိုင်တဲ့လမ်းကြောင်းတွေ ပွင့်လာတယ်။ စားဝတ်နေရေးမှာ စားသောက်ကုန်ပိုင်းကို အဓိက ဝယ်ယူတင်သွင်းမှုတွေများလာတယ်လို့ ဆိုတဲ့ သဘောတော့ တွေ့လာရတယ်’’ ဟု၎င်းကဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က အမေ ရိကန်ဒေါ်လာ ၇၇၉ ဒသမ ၆၉ သန်းသာ ရရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၃၈၄ သန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ပို့ကုန်မြှင့်တင်ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်နေပါတယ်။ပို့ကုန်တိုးတက်လာရေးအတွက် စီးပွားရေးသံမှူးတွေကို အခြေခံပြီး ပို့ကုန်ကျယ်ပြန့်ရေးအတွက် ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ရည်ရွယ်ချက်က ရှိပြီးသားဈေးကွက်တွေ အရေအတွက် တိုးတက်လာရေး၊ မရသေးတဲ့ဈေးကွက်တွေကို တိုးချဲ့တင်ပို့နိုင်ရေး ကိုလုပ်ဖို့မျှော်မှန်းဆောင်ရွက်နေပါတယ်” ဟု ဦးမျိုးသူ ဆက်ပြောသည်။

လယ်ယာထွက်ကုန်မဟုတ်သော အခြား ထွက်ကုန်များဖြစ်သည့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၆၈၇ သန်း၊ သတ္တုထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၄၁ ဒသမ ၇၅၅ သန်း ၊ စက်မှု ကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၉၉၄ ဒသမ၇၇၁ သန်း၊ တိရစ္ဆာန် ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄၃ သန်း အသီးသီး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117