Connect with us

Local

အနည်းဆုံး လုပ်ခလစာ နှုန်းထား နှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ သဘောထား ကြေညာချက် ထုတ်ပြန်

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ် လုပ်နေသော အလုပ်သမားများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အနည်းဆုံး လုပ်ခလစာ နှုန်းထား နှင့်ပတ်သက်၍ လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အနိမ့်ဆုံး လုပ်ခလစာ အဆိုပြု နှုန်းထား ကျပ် ၃,၆၀၀ နှင့်အတူ ခရီးစရိတ် (ဖယ်ရီ) ၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင် ပညာသင်ကြားနိုင်ခွင့်များပါ ထည့်သွင်း သတ်မှတ်ပေးရန် အလုပ်သမားများဘက်မှ သဘောထားကို ယနေ့ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်လင်းက “ ကျွန်တော်တို့ကြေညာချက်ထဲမှာ ကျပ် ၃,၆၀၀ နဲ့အတူ တခြား ခံစားခွင့်တွေကိုပါ ထည့်သွင်း တောင်းဆိုထားပါတယ်။ လုပ်သက် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်ကို ကျပ်၁၀,၀၀၀ ထပ်ဆောင်း ပေးဖို့ပါ တောင်းဆိုချက်ထဲမှာ ထည့်ထားတယ်’’ ဟုပြောသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုအပေါ် လက်တွဲ ဆောင်ရွက်သည့် အဖွဲ့ချုပ် ၅ ဖွဲ့၏ သဘောထား ထုတ်ပြန် ကြေညာချက်ကို ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းဆရာ၊ ဆရာမများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နှင့် ရွေ့ပြောင်း အလုပ်သမား ကွန်ယက်တို့ တက်ရောက် ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီနေ့တောင်းဆိုခဲ့တဲ့ အနိမ့်ဆုံး တစ်ရက် ၈ နာရီအတွက် လုပ်ခ ၃,၆၀၀ ကျပ် ဆိုတာကို နောက်ဆုံး အဆင့်အနေနဲ့ လက်ခံခြင်း ဖြစ်တယ်။ ထပ်ပြီး ညှိနှိုင်းစရာ မရှိတော့ပါဘူး’’ ဟု ဦးအောင်လင်းက ပြောသည်။

အနည်းဆုံး လုပ်ခလစာ ကျပ် ၃,၆၀၀ သတ်မှတ်မည်ဆိုသည့် ကိစ္စ နှင့် စပ်လျဉ်း၍ အထည်ချုပ် လုပ်ငန်းရှင် များ ဘက်မှ လက်မခံနိုင်ကြောင်း ဆွေးနွေး ခဲ့ကြပြီး ထိုလက်မခံနိုင်သည့် အဖြေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များဘက်မှ ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇာနည်သွေး က “ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းထားချက်တွေ အရဆိုရင်ကျပ် ၃,၆၀၀ အပေါင်း ခရီးစားရိတ်၊ နေရာထိုင်ခင်း စတာတွေကို အလုပ်သမား ဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး တစ်ချို့သော အလုပ်ရှင်တွေက တက်တက်ကြွကြွကို ပါဝင်ဆောင်ရွက်နေပြီ ဆိုတော့ဖြစ်မှာပါ။ ဒါတွေက ငြင်းစရာ အကြောင်းမှမဟုတ်တာ၊ မပေးနိုင်ဘူးဆိုတာက ဟိုကနေပြီး အော်ဒါယူတယ်၊ ပြီးကော်မရှင် ယူတယ်၊ ဒီမှာ လုပ်ငန်းရှိနေတဲ့နေရာကို သွားပေးတယ်ဆိုတဲ့ လုပ်ငန်းရှင်တွေပဲ မပေးနိုင်တာ ပိုများတယ်’’ ဟု ပြောသည်။

အလုပ်သမားများဘက်မှ အဖွဲ့ ၅ ဖွဲ့ တက်ရောက်ခဲ့ ကြသည့် အစည်းအဝေးမှ ယနေ့ဆုံးဖြတ်ချက်ကို အမျိုးသား ကော်မတီကို တင်ပြသွားမည်ဖြစ်ကာ၊ ပြင်ဆင်ချက်များအား နှစ်ပတ်အတွင်း ဖြည့်စွက် ပေးပို့သွား ကြမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၆၀ ပြည့်ပြီးသည့်နောက် အစိုးရ၏ ထုတ်ပြန် ကြေညာချက်ကို စောင့်နေမည် ဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။

၎င်းကိစ္စသည် သိမ်မွေ့နူးညံ့ပြီး အထိအခိုက် မခံသည့်အတွက် Win to Win ဖြစ်ဖို့တော်တော် ခက်ပါတယ်၊ အလုပ်ရှင် ဘက်ကရော အလုပ်သမား ဘက်ကရော နိုင်ငံတော် အစိုးရ ဘက်ကရော အကုန်လုံး အဆင်ပြေဖို့အတော်လေးကို ကြိုးစားရမယ့် ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ဆိုပါတယ်။ (Xinhua)