Connect with us

Local

စင်ကာပူ နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လက်ဝတ်ရတနာ ပြပွဲတွင် မြန်မာ့ ပတ္တမြား စိတ်ဝင်စားသူ များပြား

စင်ကာပူ အပြည်ပြည်ဆိုင်ရာ လက်ဝတ် ရတနာပြပွဲတွင် မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိသည့် ၉၅၀ ကာရက်ရှိ မြန်မာ့ ပတ္တမြား အရိုင်း တစ်ပွင့်ကို ပြသနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လက်ဝတ် ရတနာပြပွဲတွင် မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိသည့် ၉၅၀ ကာရက် ရှိ မြန်မာ့ပတ္တမြား အရိုင်း တစ်ပွင့်ကို ပြသခဲ့ရာ စိတ်ဝင်စားမှု အများဆုံး ရရှိနေကြောင်း မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်းမှ တာဝန်ရှိသူ ဦးဇော်ဘိုခက်က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

မလေးရှား လကဝတ် ရတနာ ကုမ္ပဏီ Jeweller Degem မှ အဆိုပါ မြန်မာ့ ပတ္တမြားကို ခင်းကျင်း ပြသခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ ပတ္တမြားအပြင် အမေရိကန် ဒေါ်လာ ၁.၅ သန်းမှ အမေရိကန် ဒေါ်လာ ၃.၃ သန်း အထိ တန်ကြေး သတ်မှတ်ထားသည့် မြန်မာ့ ပတ္တမြား လက်စွပ် နှင့် စိန်ပွင့်များ ၊“Pinnacle of the Ocean’’ ဟု အမည်ပေးထားသည့် အမေရိကန် ဒေါ်လာ ၂ သန်းတန်ကြေး ရှိသော ၃၈ ကာရက်ရှိ မြန်မာ နိုင်ငံထွက် နီလာ တစ်ပွင့်ကိုလည်း ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

ဦးဇော်ဘိုခက်က “မြန်မာ့ပတ္တမြားက အခုလို ဈေးကောင်းတွေ ရနေတာက အရည်အသွေး၊ အရောင် အဆင်း အဲ့ဒါတွေက ရှားပါး ပစ္စည်းတွေ ဖြစ်လာတယ်။ အဲ့လို အရည်ကောင်းတဲ့ ပတ္တမြားမျိုးကို ထွက်တဲ့ နေရာကလည်း နည်းနည်းပဲရှိတယ်။ မြန်မာပြည်မှာ ဆိုရင်လည်း မိုးကုတ်မှာပဲ ထွက်တာ။ အခုတောင် သိပ်မထွက်တော့ဘူး။ ပစ္စည်းက ရှားလာတော့ ဈေးက ပိုကောင်းလာတာပေါ့’’ ဟုပြောသည်။

အဆိုပါ ပြပွဲတွင် ရှားပါး လက်ဝတ် ရတနာများနှင့် တစ်ပွင့်လျှင် အမေရိကန် ဒေါ်လာ ၁ သန်းကျော် တန်သည့် အရောင်အသွေးစုံ ကျောက်မျက် ရတနာများ အပါအဝင် အီတလီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ အစရှိသော နိုင်ငံ ၂၆ နိုင်ငံမှ ကျောက်မျက် ရတနာကုန်သည် အယောက် ၂၀၀ က ပြသခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလတွင် ခိုသွေးရောင် မြန်မာ့ ပတ္တမြား လက်စွပ် တစ်ကွင်းကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် လေလံပွဲတွင် အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ရောင်းချခဲ့ပြီး၊ ယခု မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ကျောက်မျက် ရတနာပြပွဲတွင် မိုးကုတ်မှ ထွက်ရှိသည့် ပတ္တမြားကို ယူရို ၈ သိန်းဖြင့် လေလံ အောင်မြင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.