Connect with us

MYANMAR

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ တစ်သိန်းခွဲခန့်ရှိလာ

အထည်ချုပ်စက်ရုံတစ်ခုတွင် နှာခေါင်းစည်းဖြင့် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စီးပွားရေး လုပ်ငန်းများ အခက်အခဲဖြစ်ကာ မြန်မာနိုင်ငံတွင် လက်ရှိကာလအထိ  စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန အချို့ ပိတ်သိမ်းခဲ့ရသည့် အတွက်    အလုပ်လက်မဲ့ဦးရေ    တစ်သိန်းခွဲခန့်အထိ ရှိလာကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကဆင်ဟွာသို့ ဇူလိုင် ၁ ရက်တွင်ပြောသည်။ 

 အဆိုပါ ပိတ်သိမ်းထားမှုများတွင် စက်ရုံ၊ အလုပ်ရုံများနှင့်  တခြားအလုပ်အကိုင်များ ဖြစ်သည့်   စားသောက်ဆိုင် လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည့်လုပ်ငန်း ပေါင်းစုံပါဝင်ပြီး  အလုပ်သမားများကို  အလုပ်အကိုင်များ ပြန်လည် ဖန်တီးပေးနိုင်ရန် အလုပ်ရှင်၊  အလုပ်သမားနှင့်အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

 “အစိုးရကလည်း COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလမှာ အလုပ်အကိုင် ဖော်ဆောင်တဲ့အနေနဲ့  လုပ်ငန်းရှင်တွေ ဆက်လက်လည်ပတ် လုပ်ကိုင်နိုင်ဖို့  ချေးငွေတွေကို  အတိုးနှုန်း သက်သက်သာသာနဲ့    ဆောင်ရွက်ပေးတဲ့ အပြင် တခြားသော ဖြေလျှော့မှုတွေကိုလည်း ဆောင်ရွက် ပေးနေတာတွေရှိတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။   

ပြည်တွင်းလုပ်သား တစ်သိန်းခွဲနှင့် ပြည်ပမှ  ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာ အလုပ်သမားများလည်း ပြည်တွင်းအလုပ်အကိုင်လိုအပ်လာပြီဖြစ်ရာ အစိုးရအနေဖြင့်   ပြည်တွင်းအလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်ရန်  လိုအပ်လာကြောင်းကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲ၌   အလုပ်သမား ကိုယ်စားလှယ်များက   တင်ပြဆွေးနွေးထားပြီး  အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အလုပ်အကိုင် ရှာဖွေရေးရုံများ၊မြို့နယ်တိုင်းရှိ  အလုပ်ရှင်များနှင့် ချိတ်ဆက်ကာ လုပ်သား လိုအပ်နေသည့်စက်ရုံများ၊  အလုပ်ရုံများ၊  ကုမ္ပဏီများနှင့် အစိုးရဌာနများ၌ ဝန်ထမ်း ခေါ်ယူနေသည့်   အလုပ်ရှာဖွေကြော်ငြာများ  လိုက်လံကြော်ငြာပေးလျက် ရှိကြောင်း အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။  (Xinhua)