Connect with us

Local

အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှု နိုင်ငံ စီးပွားရေးကို ထိခိုက်နိုင်ဟု သမ္မတ သတိပေး

မြန်မာနိုင်ငံ အထည်ချုပ် စက်ရုံတစ်ရုံတွင် အလုပ်သမားများ အလုပ်လုပ်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှု ပြဿနာများကို မဖြေရှင်းနိုင်လျှင် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း သတိပေး ပြောကြားခဲ့သည်။

အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေကို သက်ဆိုင်ရာ လုပ်ငန်းရှင်နှင့် အလုပ်သမားများ အကြား နှစ်ဖက်ညှိုနှိုင်း သဘောတူ သတ်မှတ်နိုင်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို သက်ဆိုင်ရာ ဥပဒေများနှင့် အညီ ဖြေရှင်းကြရန် တိုက်တွန်း ပြောကြားထားသည်။

အနိမ့်ဆုံး လုပ်ခကို မြင့်မားစွာ သတ်မှတ်လျှင် ကုန်ထုတ်လုပ်မှု စရိတ်တိုးမြင့်ပြီး ကုန်ဈေးနှုန်း တက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်နိုင်ခြင်းစသည့် ဆိုးကျိုးများ ရှိသကဲ့သို့ အနိမ့်ဆုံး လုပ်ခ နည်းပါးလွန်းလျှင်လည်း အလုပ်သမားများ စားဝတ်နေရေး အခက်တွေ့ကာ အလုပ်သမားနှင့် အလုပ်ရှင် အငြင်းပွားမှုများ၊ တောင်းဆို ဆန္ဒပြမှုများ ပိုများလာပြီး ကုန်ထုတ် စွမ်းအား ကျဆင်းမှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်နိုင်ကြောင်း သမ္မတက ဆိုသည်။

ယနေ့ ကမ္ဘာ့ အလုပ်သမားနေ့၌ လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမား ၃၀၀ ကျော်တို့သည် တစ်နေ့လျှင် အနိမ့်ဆုံး လုပ်အားခ ကျပ် ၅,၆၀၀ ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သည်။
အလုပ်သမားများ၏ ဘဝ အာမခံချက် ရှိရေးအတွက် ကျန်းမာရေးနှင့် လူမှုဖူလုံရေး စီမံကိန်းများကို အစိုးရက ဆောင်ရွက်ပေးနေပြီး အလုပ်သမား အဖွဲ့အစည်းများကိုလည်း ဥပဒေနှင့် အညီဖွဲ့ စည်းခွင့် ပေးနေကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမား အဖွဲ့အစည်းပေါင်း ၁,၆၂၁ ဖွဲ့၊ အလုပ်ရှင် အဖွဲ့အစည်း ပေါင်း ၃၀ ဖွဲ့၊ စုစုပေါင်း ၁,၆၅၁ ဖွဲ့ကို ဖွဲ့စည်းခွင့် ပြုထားပြီး ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117