Connect with us

Local

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ယခင်နှစ်များထက် ပိုမို ခွင့်ပြုနိုင်ခဲ့ဟုဆို 

ရန်ကုန်ဆိပ်ကမ်းရှိ ကွန်တိန်နာစခန်းတစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုပေးရာတွင် ၂၀၁၉ – ၂၀ ဘဏ္ဍာ နှစ် ပထမ ခြောက်လပတ်အတွင်း ခွင့်ပြုပေးသည့် ပမာဏသည် ယခင် ၂ နှစ်၏ ကာလတူအတွင်း ခွင့်ပြုပေးသည့် ပမာဏထက် များပြားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်၍ အထူးစီးပွားရေးဇုန်အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ အနေနဲ့ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာအမေရိကန် ဒေါ်လာ  ၁၇၆၀ ဒသမ ၄ သန်း၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာ အမေရိကန်ဒေါ်လာ ၁၉၈၈ ဒသမ ၇သန်း ခွင့်ပြုနိုင်ခဲ့ပါတယ်၊  ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာ တော့ အမေရိကန် ဒေါ်လာ ၂၈၂၂ ဒသမ ၄ သန်း ခွင့်ပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းက ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ပထမ ခြောက်လပတ် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ရှင်းလင်း တင်ပြရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု တန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁၁၉၀၂၃ ဒသမ ၄ ဘီလီယံနှင့် ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းခဲ့ရာ ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာ ကျပ် ၇၄၅၀၃ ဒသမ ၇ ဘီလီယံ ရရှိခဲ့ သဖြင့် စီမံကိန်း ရည်မှန်းချက်အပေါ် ၆၂ ဒသမ ၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပုံမှန် ဈေးနှုန်းအရ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ပထမ ခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၏  မူဝါဒ ရည်မှန်းချက် လုပ်ငန်းစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနများက ပါဝင် ဆောင်ရွက် ခဲ့ခြင်း အပါအဝင် လယ်ယာထွက် သီးနှံများ အထွက်နှုန်း တိုးစေတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား အရင်းအနှီးများ ရရှိရန် ဆောင်ရွက်ပေးခဲ့ခြင်း၊ ကုန်စည် တင်ပို့မှု မြင့်တက်ခြင်း၊ ဆက်သွယ်ရေး ကွန်ယက် ပိုမို ကောင်းမွန်ခြင်းနဲ့ ငွေကြေး အရင်းအမြစ်များအကျိုး ရှိစွာ အသုံးချခြင်းတို့ တွေ့ရှိရကြောင်း၊ ထို့အပြင် ခရီးသွားလာမှု လုပ်ငန်းမှာလည်း မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် အခန်းကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းမှာ ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်များမှ ကျပ် ၉၇၉၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လျာထားခဲ့ရာ ပထမခြောက်လပတ်မှာ ၂၁၅၂ ဒသမ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါ တယ်၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းက၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် သြဂုတ်လက စတင် မြင့်တက်ခဲ့ပြီး ၂၀၁၈- ၁၉ ဘဏ္ဍာနှစ် မတ်လမှာ ၁၅၁၄ ကျပ် ဖြစ်ပေါ်ခဲ့ရာမှ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် မတ်လမှာ ၁၃၉၅ ကျပ် သို့ ကျဆင်းခဲ့ပါတယ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးကွက် ဝယ်လိုအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ ဈေးကွက် အတွင်းရှိ ဈေးကစားမှုများကို အရေးယူ ဆောင်ရွက် ခြင်း တို့ ဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေး ဖောင်းပွ မှုနှုန်းနှင့် ပတ်သက်၍ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း ကျဆင်းမှုနှင့်အတူ ပြည်တွင်း လောင်စာဆီ ဈေးနှုန်း များ ကျဆင်းလာပြီး သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဈေးနှုန်းများ ကျဆင်းခဲ့ သော်လည်း ကျန်အုပ်စု အားလုံးမှာ ပါဝင်တဲ့ ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပျမ်းမျှ ငွေကြေး ဖောင်းပွမှု နှုန်းဟာ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် မတ်လမှာ ၇ ဒသမ ၂၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် မတ်လမှာ ၉ ဒသမ ၁၀ ရာခိုင်နှုန်း သို့ ပြောင်းလဲ ဖြစ်ပေါ်ခဲ့ပါတယ်” ဟုလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ကုန်သွယ်မှု ကဏ္ဍမှာ ပို့ကုန် တင်ပို့နိုင်မှုသည် ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လ၌ ယခင်နှစ် ကထက် အမေရိကန် ဒေါ်လာ ၈၂၂ ဒသမ ၉ သန်း ပိုမို တင်ပို့နိုင်ခဲ့ပြီး ရည်မှန်းချက်၏ ၅၈ ဒသမ ၁ ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း၊  အများဆုံး တင်ပို့ရသော ကုန်ပစ္စည်းများမှာ ချုပ်ပြီး အထည်၊ သဘာ၀ ဓာတ်ငွေ့၊ ပဲအမျိုးမျိုး၊ သတ္တုနှင့် သတ္တုရိုင်း၊ ကျောက်စိမ်းတို့ ဖြစ်ကြောင်း၊ အများ ဆုံး တင်ပို့သည့် နိုင်ငံများ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဖြစ်ကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၆၂၇ ဒသမ ၈ သန်း ပိုမို တင်သွင်းခဲ့ကြောင်း၊ အများဆုံး တင်သွင်းသည့် ကုန်များမှာ ရေနံထွက် ပစ္စည်း၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်း၊ စက်နှင့် စက်ပစ္စည်း၊ ချည်ထည်၊ သံနှင့် သံမဏိ၊ ဆောက်လုပ်ရေး ပစ္စည်းတို့ ဖြစ်ကြောင်း၊ အများဆုံး တင်သွင်းသည့်နိုင်ငံများမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ကြောင်း၊ ကုန်သွယ်မှု ပမာဏ အနေဖြင့် ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် အမေရိကန်ဒေါ်လာ ၂၄၅၀ ဒသမ ၇ သန်း ပိုမို ကုန်သွယ်ခဲ့ ကြောင်း၊ ပို့ကုန်မှာ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တု တွင်းထွက်ပစ္စည်းနှင့် စက်မှု ကုန်ချော ပစ္စည်းများ တင်ပို့မှု ပိုမိုလာခြင်းနှင့် သွင်းကုန်မှာရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများ ပိုမို တင်သွင်းခဲ့ကြောင်း၊ ကုန်သွယ်မှု ပိုငွေ လိုငွေ အနေဖြင့် ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် အမေရိကန် ဒေါ်လာ ၁၃၂၆ ဒသမ ၉ သန်း လိုငွေ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ပို့ကုန် တင်ပို့မှု ပိုမိုလာသော်လည်း သွင်းကုန်မှာ သံနှင့် သံမဏိ၊ ဆောက်လုပ်ရေး ပစ္စည်း၊ ဆေးဝါး ပစ္စည်း၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် ဆက်သွယ်ရေး ပစ္စည်း၊ ချည်ထည်၊ စက်နှင့် စက် ပစ္စည်း၊ ရေနံထွက် ပစ္စည်းများ တင်သွင်းမှု ပိုမိုလာခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေ ဖြစ်ရခြင်း ဖြစ်ကြောင်း၊ ကုန်ပစ္စည်း အုပ်စု အလိုက် သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း ၃၉ ဒသမ ၂ ရာခိုင်နှုန်း၊ လုပ်ငန်းသုံး ကုန်ကြမ်း ၃၆ ဒသမ ၉ ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်း ၂၃ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ကြောင်း၊  ပြည်တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုက ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လ မှာ ကီလိုဝပ်နာရီ ၁၁၂၈၈ ဒသမ ၇သန်း သုံးစွဲနိုင်ခဲ့ကြောင်း၊ ကျေးရွာ ၁၁၆၇ ရွာကို တိုးချဲ့ မီးပေးနိုင်ခဲ့ကြောင်း။ အဆိုပါ ကာလအတွင်း နိုင်ငံတစ်ဝှမ်း အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီ အပြည့်အ၀ ပေးနိုင်ရေးအတွက် ဆရာဝန် ဦးရေ ၂၇၁၅ ဦး၊ သူနာပြုဦးရေ ၂၉၈၅ ဦး၊ သားဖွားဆရာမ ၁၄၅၉ ဦး တိုးမြှင့် ခန့်ထား ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသား စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လျှပ်စစ်ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍမှ အပ ကျန် ကဏ္ဍ များ၌ လျာထားချက်၏ ၅၀ ရာခိုင်နှုန်းကျော်နှင့် ၅၀ ရာခိုင်နှုန်း ဝန်းကျင်ခန့် အကောင်အထည် ဖော်နိုင်ခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ခြောက်လပတ် အစီရင်ခံစာအား ဆွေးနွေးကြမည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကို ဇူလိုင် ၂၈ ရက်နေ့ နောက်ဆုံးထား ရယူပြီး သြဂုတ်လ ၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာ ခဲ့သည်။ (Xinhua)