Connect with us

Politics, Law & Military

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထား

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှု တစ်ရပ်အား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြုခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ လုပ်ငန်းများသည် နိုင်ငံတော်နှင့်နိုင်ငံသား ပြည်သူအားလုံးအတွက် အလွန်အရေးကြီးသော ကိစ္စရပ်များဖြစ်ပါ၍ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ကော်မတီများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးပေးစေလိုကြောင်း လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)တွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်ဒုတိယအကြိမ် လွှတ်တော်အတွေ့အကြုံများအပေါ်မူတည်၍ ပိုမိုသင့်လျော်ကောင်းမွန်သည့် လုပ်ငန်းအစီအမံများဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်ရန် ဖိတ်ကြားထားပြီး ဇန်နဝါရီ ၂၃ ရက်ထက်မစော ၂၄ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ရန် လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူထားကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117