Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၅ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်မက်ထရစ်တန်ချိန် ၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

ပျားအုံတစ်အုံတွင်ရှိသော ဝတ်ရည်စုပ်ပျားပုံကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၅ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်မက်ထရစ်တန်ချိန် ၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ပျားမွေးမြူရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက်တွင်ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် သီးနှံများဝတ်မှုံကူးမှု ပိုမိုအောင်မြင်စေရန် တွဲဖက်မွေးမြူထားသော ပျားများကို ၂၀၁၉ ခုနှစ်ကတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ဦးစိုးနိုင်က “ ၅လတာကာလအတွင်း ပျားတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၇၆ သန်း ဝင်ငွေရရှိပါတယ်။ ပျားကနေ နိုင်ငံတော်အတွက် ဝင်ငွေပိုမိုရရှိဖို့ အတွက် ကျွန်တော်တို့ဌာနအနေနဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေရှိပါတယ်။ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေဆိုတော့ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် နဲ့ ထုတ်နိုင်အောင် ဆောင်ရွက်ရပါတယ်။ အဲဒါဆိုရင် ပျားရည်က ဈေးပိုရတယ်။ antibiotic တွေလည်း ပျားရည်ထဲပါမသွားတော့ဘူးပေါ့။တချို့နိုင်ငံတွေက antibiotic ပါရင် Reject လုပ်တာမျိုးရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့လျက်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပျားရည်ကို ပိုမိုတင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပျားမွေးမြူရေးဌာနခွဲမှ သိရသည်။ လက်ရှိတွင် ပျားကို စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မွေးမြူလျက်ရှိကြောင်း သိရသည်။

ဦးစိုးနိုင်က “အခုကာလမှာ ဇီးပန်းတွေ စပြီးပန်းပွင့်နေပြီ။ အဲဒီကနေ ဇီးပျားရည် ထုတ်တာပေါ့။ ဇီးပျားရည်က နိုင်ငံရဲ့ ပျားရည်ထွက်နှုန်းရဲ့ ၆၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဇွန်လမှာဆိုရင် နှမ်းပျားရည်ကို စထုတ်ပါတယ်။ နှမ်းပျားရည်ကကျတော့ အထွက်နည်းတယ်။ဒါပေမဲ့ နှမ်းဝတ်မှုံက ပျားဘုရင်မကို ဥနှုန်းပိုကောင်းစေတယ်။ ပိုဥတယ်။ ပိုဥတဲ့အတွက် ပျားအုံက အင်အားပိုတိုးလာတယ်။ ပျားအင်အားတိုးလာတာနဲ့အမျှ ပျားအုံတွေ ထပ်ပွားလို့ရတယ်။ ထပ်တိုးလာတဲ့ပျားအုံတွေနဲ့ ဇီးပျားရည်ကို အထွက်နှုန်းတိုးအောင် ဆောင်ရွက်ပါတယ်။ ရာသီအလိုက်ဆိုရင် ပျားတွေက ၂ လတစ်ကြိမ်တော့ ရွှေ့ပြောင်းပါတယ်။ ပျားမွေးမြူသူတွေက တစ်နှစ်ကို အနည်းဆုံး ၅ ကြိမ်၊ ၆ ကြိမ်လောက်တော့နေရာရွှေ့ရပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပျားရည် တန်ချိန် ၇,၀၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ပျားရည် အပါအဝင် မြန်မာနိုင်ငံမှ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၃၁၅ သန်းခန့် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)