Connect with us

Stock Market

ရန်ကုန် စတော့ အိတ်ချိန်းတွင် မြန်မာသီလဝါ အထူး စီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများ မေလ ၂၀ ရက်တွင် စတင် ရောင်းဝယ်မှု ပြုလုပ်မည်

ရန်ကုန် စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ရာ အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၆ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း (YSX) တွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများအား မေလ ၂၀ ရက်တွင် ဈေးကွက် စဖွင့်သည့် အချိန်မှ စ၍ စတင်ရောင်းဝယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း MTSH မှ ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ ရောင်းချမည့် အစုရှယ်ယာ ဈေးနှုန်းအား ယခုအချိန်တွင် အသိပေး ကြေညာခြင်း မရှိသေးဘဲ စတင်ရောင်းချသည့် မေလ ၂၀ ရက်တွင် သိရှိရမည် ဖြစ်ကြောင်း MTSH ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဟန်က ယနေ့မေလ ၆ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန် စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်နေသည့် FMI ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများ ကျဆင်းလာရခြင်းမှာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ထပ်မံ ဝင်ရောက်လာမည့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) အား စောင့်ကြည့်နေကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) သည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်ဝန်းကျင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးတွင် ဆက်လက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ ကြီးပွား တိုးတက်ရေးကို ပိုမို မြင့်မားကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစုရှယ်ယာရှင်များ၏ အစုရှယ်ယာ တန်ဘိုး ထပ်မံ မြင့်တက်လာစေရန် အခြားသော စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) အား ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၇,၉၉၀ ကျော် ရှိကြောင်း သိရသည်။
စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အဓိက အကြံပေး ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် CB Securities ကုမ္ပဏီမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ ရှယ်ယာများကို တာဝန်ယူ ဝန်ဆောင်မှု ပေးမည့် ကုမ္ပဏီမှာ CB အပါအဝင် ၅ ခု ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.