Connect with us

Economy

စာရင်းပြုစုချက် အရ တရုတ် နိုင်ငံ၏ အမေရိကန် နိုင်ငံ ၌ ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန် စီးပွားရေး တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေကြောင်း ဖော်ပြ

အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်များ အဖွဲ့ချုပ် အမှတ်တံဆိပ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်များ အဖွဲ့ချုပ် က သြဂုတ် ၁၂ ရက် ၌ ထုတ်ပြန်ခဲ့သည့် “၂၀၂၀ ပြည့်နှစ် အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ ၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ” တွင် ၂၀၁၉ ခုနှစ် အထိ အဖွဲ့ဝင် လုပ်ငန်း ကုမ္ပဏီ များအနေဖြင့် အမေရိကန် နိုင်ငံ တွင် အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန် နိုင်ငံ ၌ အလုပ်အကိုင် အခွင့်အလမ်းများ ကို ဖန်တီးပေးခဲ့ကာ စီးပွားရေး တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်များ အဖွဲ့ချုပ် က အမေရိကန် နိုင်ငံ တွင် ဝန်ထမ်းပေါင်း နှစ်သိန်းနှစ်သောင်းခန့် အား ခန့်အပ် ခဲ့ပြီး အမေရိကန် နိုင်ငံ ဒေသ အသီးသီး တွင် ထပ်မံ အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သန်းကျော် ကို ဖန်တီးပေး နိုင်ခဲ့ကြောင်း ၊ ဒေသတွင်း ကုန်ကြမ်းဝယ်ယူမှု ၊ အဆောက်အဦး ဝယ်ယူမှု နှင့် ကုန်ထုတ်လုပ်မှု စက်ပစ္စည်း ငှားယူမှု နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု တို့ ဖြင့် အမေရိကန် နိုင်ငံ စီးပွားရေး အား အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ က အမေရိကန် နိုင်ငံ တွင် ရုံးခွဲထူထောင်ခြင်း နှင့် စက်ရုံတည်ဆောက်ခြင်း တို့ က အမေရိကန် နိုင်ငံ အား စီးပွားရေး ဆိုင်ရာ အခွင့်အလမ်း များကို ဖန်တီးပေး ခဲ့ပြီး ဒေသတွင်း လုပ်ငန်း ကုမ္ပဏီ များအတွက် အခွင့်အလမ်းသစ် နှင့် ဝင်ငွေသစ်များ ကို ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ အနေဖြင့် အမေရိကန် နိုင်ငံ အား အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နေရာ အဖြစ် ရှုမြင်ထားကြောင်း ၊ စစ်တမ်းများအရ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များအနက် ၅၁ ရာခိုင်နှုန်းက အမေရိကန် နိုင်ငံ အား ဦးစားပေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နေရာ အဖြစ် သတ်မှတ် ကြကြောင်း သိရှိရသည်။

ထို့ပြင် အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ စစ်ဆေးမှု အတိုင်းအတာ ကို တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၅ ရာခိုင်နှုန်းကျော်သော တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ က အမေရိကန် နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ တွင် သက်ရောက်မှု များ ဖြစ်စေခဲ့ကြောင်း ၊ အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှု များ က အလုံးစုံ အားဖြင့် မဟာဗျူဟာအရ ပြောင်းလဲမှု ဖြစ်ပွားစေခဲ့ကြောင်း ၊ တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်မှု ဆက်ဆံရေး က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ကြီးမားစွာ ပြောင်းလဲမှု ဖြစ်ပွား ခဲ့ပြီး ၂၀၁၈ ခုနှစ် မှ စတင်၍ နှစ်နိုင်ငံ ကုန်သွယ်ရေး ကျဆင်းလာခဲ့ကာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုလည်း ကျဆင်းလာခဲ့ကြောင်း ၊ စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီ များအနက် ၇၈ ရာခိုင်နှုန်းသော ကုမ္ပဏီ တို့ က တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေး ပွတ်တိုက်မှု က ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနှုတ်လက္ခဏာ သက်ရောက် ဖြစ်ပွားစေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ တရုတ် နိုင်ငံ နည်းပညာ ကုမ္ပဏီများ အပေါ် ဦးတည်သည့် ဆောင်ရွက်မှုများ က အနာဂတ် တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ ၏ အမေရိကန် နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် အခင်းအကျင်း ကို ပြောင်းလဲ စေမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်များ အဖွဲ့ချုပ် က ၂၀၀၅ ခုနှစ် တွင် စတင်ထူထောင် ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး နိုင်စေရန် အတွက် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ အဖွဲ့ချုပ် တွင် အဖွဲ့ဝင် လုပ်ငန်း ကုမ္ပဏီပေါင်း ၁,၅၀၀ ခန့် ရှိပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ ၊ တရုတ် နိုင်ငံ နှင့် လုပ်ငန်းဆိုင်ရာ ဆက်နွယ်မှု ရှိသည့် နိုင်ငံတကာ ကုမ္ပဏီ နှင့် အမေရိကန် နိုင်ငံ ဒေသတွင်း ကုမ္ပဏီ တို့ပါဝင်ကြောင်း သိရှိရသည်။  (Xinhua)