Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံ ပထမဆုံး အကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်

မလေးရှားနိုင်ငံ တွင်ကျင်းပသော နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက် နေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်သည်များ (ဆင်ဟွာ)

ဆဲလ်လန်ဂေါ၊ မလေးရှား၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် မလေးရှားနိုင်ငံ စစ်တပ်တို့သည် နှစ်နိုင်ငံကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ပိုမို နက်ရှိုင်းလာရန် ရည်ရွယ်၍ ပထမဆုံး အကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည်။

ပူးတွဲ လေ့ကျင့်ရေးကို “၂၀၁၅ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး”ဟု အမည်ပေးခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်ကို မလက္ကာရေလက်ကြား နှင့် ပတ်ဝန်းကျင်၌ ပြုလုပ်ခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်တွင် ပူးပေါင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ရေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စသည်တို့ ပါဝင်ခဲ့သည်။

ပူးတွဲလေ့ကျင့်မှု ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ဒုတိယ စစ်ဦးစီးချုပ် ရိရှောင်ကွမ်းမှ တရုတ် တပ်မတော်သည် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများနှင့်ပတ်သက်၍ မလေးရှား အပါအဝင် တောင်တရုတ် ပင်လယ်နှင့် ထိစပ်နေသော နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိမှ ဆက်လက်၍ နှစ်နိုင်ငံ ပူးတွဲ လေ့ကျင့်ခြင်းသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး နှင့် အပြန်အလှန် လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖလှယ်ရေး အတွက်သာ ဖြစ်ပြီး အခြား တတိယနိုင်ငံကို ရည်ရွယ်ခြင်း မဟုတ်ကြောင်းနှင့် ဒေသတွင်း အခြေအနေနှင့်လည်း ပတ်သက်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

မလေးရှား တပ်မတော် အကြီးအကဲ ဇူကီဖယ်လီ မိုဒ် ဇင်က ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် နှစ်နိုင်ငံ တပ်မတော်များကြား ညှိနှိုင်း ဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အထောက်အပံ့ ဖြစ်စေပြီး နှစ်နိုင်ငံ တပ်မတော်များ အကြား ဆက်ဆံရေး နှင့် နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေး ပိုမိုခိုင်မာ လာစေကြာင်း ပြောကြားခဲ့သည်။

ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းဖြင့် စစ်တပ် နှစ်ခုလုံးသည် ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရာတွင် ပိုမို ကောင်းမွန်သော ကဏ္ဍမှ ပါဝင်လာနိုင်ပြီး သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ တွင် ပူးပေါင်း ဖြေရှင်းခြင်းဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ၎င်းမှပြောကြား ခဲ့သည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံများ အကြား အကြီးမား ဆုံးသော စစ်ရေး လေ့ကျင့်မှု ဖြစ်သည်။ (Xinhua)