Connect with us

CHINA

အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုများက တရုတ်နိုင်ငံ၏ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးစွမ်းရည်ကို ပြသနေ

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “ကူးစက်ရောဂါ ထိန်းချုပ်ရန် လုပ်ဆောင်နိုင်သမျှအားလုံးလုပ်ပါ” (ဆင်ဟွာ)

ဟန်ကျိုး ၊ မေ ၃ ရက်(ဆင်ဟွာ)

ယာဉ်အသွားအလာ ကျိုးတို့ကျဲတဲ ၊ လူသူကင်းမဲ့သော လမ်းမများ ၊ မှတ်တိုင်ဘူတာရုံများ နှင့် ဈေးဝယ်စင်တာများ၌ အနည်းအကျဉ်းသော လူစုများဖြင့် တရုတ်နိုင်ငံ၏ ယခုနှစ် နွေဦးရာသီ ပွဲတော်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့လာမှုနှင့်အတူ ယခင်နှစ်များနှင့်မတူဘဲ တိတ်ဆိတ်ငြိမ်သက်ခဲ့ရသည်။ 

တရုတ်လူမျိုးအများအပြားသည် နွေဦးရာသီ ပွဲတော်ကာလတွင် နေရပ်ဇာတိအိမ်သို့ ဦးတည် ပြန်လှည့်နိုင်ခြင်း မရှိဘဲ ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေး ရှေ့တန်းတွင် လုပ်ကိုင်ရန်  ဦးတည်ချက် ပြောင်းလဲခဲ့ကြသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ်၏ မြို့တော် ဟန်ကျိုးမြို့၌ နေထိုင်သော ဟွာ ဆိုသူ အမျိုးသမီး တစ်ဦးသည် နှစ်ကူးကာလအတွင်း မိတ်ဆွေအပေါင်းအသင်းများ နှင့် ဆွေမျိုးများထံ တစ်ရက်တာ လည်ပတ်ရန်အတွက် ဟဲနန်ပြည်နယ် အလယ်ပိုင်းရှိ ၎င်း၏ မိသားစုဝင်များဆီ ပြန်သွားခဲ့ရာမှ ချက်ချင်းဆိုသလိုပင် နှစ်သစ်ကူး ဒုတိယမြောက်နေ့ ၊ ဇန်နဝါရီလ ၂၆ ရက်တွင် ဟန်ကျိုးမြို့သို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။  

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက ဝူဟန်မြို့သို့ မသွားရောက်မီ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ) 

ဟွာက “တစ်ခြားသူတွေနဲ့ မျက်နှာချင်းဆိုင် အပြန်အလှန် ဆက်သွယ်မှုတွေကို လျှော့ချဖို့ ညွှန်ကြားချက်အရ နွေဦးရာသီ ပွဲတော် ကာလအတွင်းမှာ ကျွန်မတို့ မိဘဆွေမျိုးတွေဆီ သွားရောက်လည်ပတ် တွေ့ဆုံတာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ဟန်ကျိုးမြို့သို့ ငါးနာရီကြာ ပြန်လာခဲ့ရသည့် ၎င်း၏ ခရီးစဉ်အတွင်း မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုဆက်ဆံခဲ့ခြင်း မပြုသလို  ဘေးပတ်ဝန်းကျင်ရှိလူများကလည်း နှာခေါင်းစည်းများ အသီးသီး တပ်ဆင်၍ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာခဲ့ကြသည်။ 

ဟွာက ပြင်ပကမ္ဘာဖြင့် ထိတွေ့ဆက်ဆံခြင်း မပြုစေရေး အဆက်အသွယ်ဖြတ်ရန်အတွက် အင်တာနက်မှ ဒေါင်းလုပ်ခ် ဆွဲထားသော ရုပ်ရှင်ဇာတ်ကားများ အပြည့်ရှိသော ဖုန်းတစ်လုံး နှင့်အတူ သူ၏ နေအိမ်အတွင်း၌သာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။ 

တရုတ်ကျန်းမာရေး အာဏာပိုင်များက ကပ်ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက် အရ ဒေသခံများ အနေဖြင့် မိမိတို့၏ နေအိမ်အတွင်း၌သာ နေထိုင်ရန် အကြံပြုခဲ့ကြသည်။ နွေဦးရာသီ ပွဲတော် အားလပ်ရက်ကာလအတွင်း တစ်ခြားသော တရုတ်လူမျိုး အများအပြားက ဟွာ၏ ဆောင်ရွက်ချက် အတိုင်း ပြုမှုခဲ့ကြပြီး ပြည်သူများက ရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးဖုန်းများမှတစ်ဆင့် ညွှန်ကြားချက်များကို လိုက်နာခဲ့ကြသည်။ မိသားစုဝင်များ နှင့်အတူ ၎င်းတို့၏ နေအိမ်များ အတွင်း၌သာ နေထိုင်ပြီး မိဘဆွေမျိုးများ နှင့် မိတ်ဆွေအပေါင်းအသင်းများထံ သွားရောက် လည်ပတ်ခြင်း မပြုလုပ်ခဲ့ကြပေ။ 

ဟွာက ၎င်း၏ ဆုတောင်းစကားများကို လက်ကိုင်ဖုန်းမှတဆင့် မိဘဆွေမျိုးများထံ လွယ်လင့်တကူ ဆက်သွယ်ပြောဆိုခဲ့သလို video call များ ခေါ်ဆို၍လည်း တွေ့ဆုံခဲ့သည်။ ဟန်ကျိုးမြို့သို့ ဟွာပြန်ရောက်ပြီး နောက်တစ်ရက်အကြာ ဇန်နဝါရီ ၃၀ ရက်တွင် ပြီးဆုံးမည့် ရက်သတ္တပတ်ကြာ ဆင်နွှဲရသည့် နွေဦးရာသီအားလပ်ရက်ကို အစိုးရက ဖေဖော်ဝါရီ ၂ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ 

နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များ နှင့် စာသင်ကျောင်းများက စာသင်နှစ် အစပိုင်းကို ရွှေ့ဆိုင်းရန် သတ်မှတ်ခဲ့ပြီး စက်ရုံများ နှင့် ကုမ္ပဏီ လုပ်ငန်း အများအပြားကလည်း လုပ်ငန်း စတင်ရန် ရွှေ့ဆိုင်းခဲ့ကြသည်။ ဝတ်ပြုဆုတောင်းပွဲများ ၊ ဆောင်းရာသီ အားကစား ပွဲတော်များ နှင့် ပြပွဲများ အပါအဝင် နှစ်သစ်ကူးပွဲတော်အတွက် ကြီးမားသော လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူ အများအပြား စုရုံးတက်ရောက်မှုအားဆောင်ကြဉ်ရန် ဖျက်သိမ်းခဲ့ကြသည်။ 

နိုင်ငံတော် အဆင့်တွင် ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် ဝူဟန်မြို့ကို ကူညီရေး အတွက် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များကို အသုံးချ ဆောင်ရွက်ခဲ့ပြီး ဆရာဝန် နှင့် သူနာပြု ထောင်ပေါင်းများစွာက ၎င်းတို့၏ မိသားစုများကို ထားခဲ့ပြီး ဝူဟန်မြို့သို့ သွားရောက်ကာ စေတနာ့ဝန် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ 

တရုတ် ခရီးသွား အေဂျင်စီများ နှင့် အွန်လိုင်း ခရီးသွား လုပ်ငန်းရှင်များအား အုပ်စုလိုက် ခရီးစဉ်များအား ဇန်နဝါရီ ၂၄ ရက်မှ စတင် ရပ်ဆိုင်းရန် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြသည်။ မြို့ကြီးများတွင် ဒေသန္တရ အစိုးရများက ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် ယာဉ်အသွားအလာ စောင့်ကြည့်ခြင်း ၊ ကိုယ်ပူချိန် တိုင်းတာခြင်း အစီအမံများ နှင့် ရောဂါကူးစက်မှုကို ခြေရာခံ တားဆီးရန် နည်းပညာတို့မှတဆင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ 

ကျေးလက်ဒေသများတွင် ရပ်ရွာအကြီးအကဲများက ရွာသူရွာသားများကို အန္တရာယ်ရှိသည့် မျက်နှာချင်းဆိုင် တွေ့ဆုံမှုကို လျှော့ချရန် အတွက် နေအိမ်များ၌သာ နေထိုင်ရန် တိုက်တွန်းခဲ့ကြသည်။ တရုတ်နိုင်ငံ အစိုးရက အဆင့်တိုင်းတွင် ဘဏ္ဍာရေး နှင့် အထောက်အပံ့များ ရရှိစေရန် ကြိုးပမ်း အားထုတ်ခဲ့ပြီး နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် တစ်ခုတည်းတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေး နှင့် ဆက်စပ်၍ ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ ယွမ် ၁ ဒသမ ၂ ဘီလီယံ(အမေရိကန် ဒေါ်လာ ၁၇၃ သန်းခန့်)ကျော် ရှိခဲ့သည်။ 

ကျဲကျန်းပြည်နယ်ရှိ စက်ရုံအလုပ်သမားများသည် နှစ်ဆန်း တစ်ရက်နေ့တွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကာ ဝူဟန့်မြို့၌ အရေးပေါ် လိုအပ်နေသည့်နှာခေါင်းစည်းများနှင့် ဆေးဝါးများကို ထုတ်လုပ်ခဲ့ကြသလို အကာအကွယ်ဝတ်စုံများတွင်တပ်ဆင်ရသည့် ဇစ်များကိုပါ ကြိုးပမ်း ထုတ်လုပ်ခဲ့ကြသည်။ 

“ရှေးတရုတ်လူကြီးတွေ ပြောသွားတဲ့အတိုင်း လူတိုင်းက သူ့နိုင်ငံရဲ့ ကံကြမ္မာအတွက် တာဝန်ရှိပါတယ်။ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ တတ်နိုင်သမျှ နိုင်ငံကို ကူညီဖို့ အလုပ်လုပ်သင့်ပါတယ်။”ဟု နှစ်သစ်ကူး အကြိုနေ့တွင် နှာခေါင်းစည်းများ ပို၍ ထုတ်လုပ်ရန် စက်ရုံ၌ လုပ်ကိုင်နေသည့် နည်းပညာရှင် တစ်ဦး ဖြစ်သူ Liu De က ပြောကြားခဲ့သည်။ (Xinhua)