Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ရက် ၃၀ ဆက်တိုက် COVID-19 လူနာသစ် မတွေ့ရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ရောဂါသက်သာပျောက်ကင်းသွားသူတစ်ဦး အား ကျန်းမာရေးဝန်ထမ်းများက ပွေ့ဖက်ဂုဏ်ပြုနေစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ မေ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် မေ ၃ ရက်က ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတည်ပြုလူနာသစ် မတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မေ ၄ ရက်တွင်ပြောကြားခဲ့သည်။

ယင်းမှာ ဟူပေပြည်နယ်တွင် ဧပြီ ၄ ရက် မှ စတင်ကာ ရက်ပေါင်း ၃၀ ဆက်တိုက် ကာလအတွင်း COVID-19 အတည်ပြုလူနာသစ် ထပ်မံမတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဝူဟန့်မြို့မှအပ ဟူပေဒေသတစ်ခုလုံးတွင် ရက်ပေါင်း ၆၀ ဆက်တိုက် COVID-19 အတည်ပြုလူနာသစ် မတွေ့ရှိခြင်းလည်း ဖြစ်သည်။

ဟူပေပြည်နယ်အတွင်း မေ ၃ ရက်၌ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်တွင် နောက်ထပ်လူ ၉ ထပ်တိုးခဲ့ပြီး အခြားလူ ၆ ဦးအား စောင့်ကြပ်ကြည့်ရှုမှု(quarantine) မှ  ကင်းလွတ်ခွင့်ပြုခဲ့ရာ လက်ရှိတွင် ပြည်နယ်အတွင်း ဆေးဘက်ဆိုင်ရာစောင့်ကြည့်ခံ စုစုပေါင်း ၆၅၄ဦး ရှိနေကြောင်း သိရသည်။

မေ ၃ ရက်အထိ ပြည်နယ်အတွင်း COVID-19 လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း ၂၈၂,၇၀၁ ဦးကို ခြေရာခံနိုင်ခဲ့ကြောင်း ၊ ယင်းတို့အနက် ၁,၂၈၀ ဦးအား ဆေးဘက်ဆိုင်ရာစောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိဆဲဖြစ်ကြောင်း သိရသည်။

မေ ၃ ရက်အထိ ဟူပေပြည်နယ် မြို့တော် ဝူဟန့်မြို့၌ အတည်ပြုလူနာ ၅၀,၃၃၃ ဦးအပါအဝင် ပြည်နယ်အတွင်း အတည်ပြုလူနာ ၆၈,၁၂၈ ဦး ရှိခဲ့ကြောင်း သိရသည်။

ဟူပေပြည်နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု လျော့ကျလာခြင်းကြောင့် အမြင့်ဆုံး အရေးပေါ်တုံ့ပြန်ရေးအဆင့်ကို မေ ၂ ရက်မှစတင်ကာ  ဒုတိယအမြင့်ဆုံး အရေးပေါ်တုံ့ပြန်ရေးအဆင့်သို့ လျှော့ချပေးခဲ့ကြောင်း သိရသည်။  (Xinhua)