Connect with us

INTERNATIONAL ORGANIZATION

COVID-19 ကို ထိန်းချုပ်ရန် နှာခေါင်းစည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုရေး WHO အကြံပြု

၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် စကားပြောနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အား တွေ့ရစဉ် (ဓာတ်ပုံ-WHO Handout via Xinhua)

ဂျီနီဗာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအသုံးပြုရေးဆိုင်ရာ လမ်းညွှန်ချက်ကို ဇွန် ၅ ရက်က မွမ်းမံထုတ်ပြန်လိုက်ပြီး အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ သို့မဟုတ် ရောဂါအခံရှိသူများအနေဖြင့် လူချင်းခပ်ခွာခွာနေရန်မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျန်းမာရေးနှာခေါင်းစည်းကို တပ်ဆင်ရန် အကြံပြုထားကြောင်း သိရသည်။

လမ်းညွှန်ချက်အသစ်တွင် COVID-19 ကူးစက်ခံထားရသူလူနာများနှင့် တိုက်ရိုက်ထိတွေ့သည့်ဝန်ထမ်းများသာမက ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့် ကျန်းမာရေးအဆောက်အအုံတွင် လက်တွေ့လုပ်ကိုင်နေသူများအားလုံး ကျန်းမာရေးနှာခေါင်းစည်းများ တပ်ဆင်ရန် အကြံပြုထားသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

“ဆိုလိုတာက ဥပမာ ဆရာဝန်တစ်ဦးက COVID-19 အတည်ပြုလူနာတွေမရှိတဲ့ နှလုံးရောဂါ သို့မဟုတ် သာမန်လူနာဆောင်များမှာ လူနာကြည့်တဲ့အချိန်တွေမှာလဲ ကျန်းမာရေးနှာခေါင်းစည်းကို တပ်ဆင်သင့်တယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် ရပ်ရွာအတွင်း ကူးစက်မှုရှိနိုင်သည့် နေရာများရှိ သာမန်ပြည်သူများအနေဖြင့်လည်း နှာခေါင်းစည်းကို အသုံးပြုသင့်ကြောင်း WHO ၏ အကြံပြုချက်ကိုလည်း လမ်းညွှန်ချက်အသစ်တွင် မွမ်းမံထားသည်။

“အစိုးရတွေအနေနဲ့ သာမန်ပြည်သူတွေကို ရောဂါကူးစက်မှုများပြားပြီး လူချင်းခပ်ခွာခွာနေဖို့ ခက်ခဲတဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ကြဖို့ တွန်းအားပေးသင့်တယ်” ဟု Tedros က လမ်းညွှန်ချက်အသစ်ကို မိတ်ဆက်ရင်း ပြောကြားခဲ့သည်။

သုတေသနပြုချက်အသစ်ကို အခြေခံ၍ အဝတ်နှာခေါင်းစည်းများတွင်လည်း အနည်းဆုံး မတူညီသည့်ပိတ်စ သုံးလွှာပါဝင်သင့်ကြောင်း အကြံပြုထားသည်။

သို့သော် နှာခေါင်းစည်းများသည် လူချင်းခပ်ခွာခွာနေရေး၊ လက်သန့်ရှင်းရေးနှင့် အခြား အများပြည်သူ ကျန်းမာရေးဆောင်ရွက်ချက်များအတွက် အစားထိုးခြင်းမဟုတ်ကြောင်း၊ ယင်းတို့သည် COVID-19 ရောဂါတိုက်ဖျက်ရေး ဘက်စုံချဉ်းကပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကျိုးကျေးဇူးရှိခြင်းသာဖြစ်ကြောင်း ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

“နိုင်ငံတိုင်းရှိ ရောဂါတုံ့ပြန်ရေးအခြေခံအုတ်မြစ်မှာ ရောဂါဖြစ်ပွားမှုတိုင်းကို ရှာဖွေခြင်း၊ သီးသန့်ခွဲထားခြင်း၊ ရောဂါစမ်းသပ်ခြင်းနဲ့ စောင့်ရှောက်ခြင်းတွေ လုပ်ဆောင်ရမှာဖြစ်ပြီး ထိတွေ့မှုရှိသူတိုင်းကို ခြေရာခံပြီး အသွားအလာစောင့်ကြပ်ကြည့်ရှုခြင်းတွေကို လုပ်ဆောင်သွားရပါမယ်” ဟု Tedros က ဆိုသည်။  (Xinhua)