Connect with us

MYANMAR

စီးပွားရေးအခက်အခဲများအတွက်  ပြင်ဆင်ထားပြီးသား ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

 

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) 

နောင်လာမည့် စီးပွားရေးအခက်အခဲများအတွက် နိုင်ငံတော်ကနေပြီး ပြင်ဆင်ထားပြီးသား ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“ အနာဂတ်စီးပွားရေး အခြေအနေကို စဉ်းစားပြီးတော့ အစိုးရိမ်မလွန်စေချင်ပါဘူး။ အခုချိန်မှာ ကျန်းမာအောင်နေပါ။ အကယ်၍ ရောဂါပိုးဝင်နေပြီဆိုရင် ရောဂါပိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုကိုယ် မှန်မှန်ထားပါ။  ကျွန်မတို့အားလုံး နိုင်ငံတော် အစိုးရကရော၊ ပြည်သူပြည်သားတွေကရော ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို ယုံကြည်ပါ။ နောင်လာမယ့် စီးပွားရေး အခက်အခဲတွေအတွက် ကျွန်မတို့နိုင်ငံတော်ကနေပြီးတော့ ပြင်ဆင်ထားတာရှိပါတယ်။  ပြင်ဆင်ထားပြီးသားပါ။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အရင်တုန်းက ပြင်ဆင်ထားပြီးပြီဆိုတော့ ထိုင်ပြီးကြည့်နေမှာ မဟုတ်ပါဘူး။ အခြေအနေ ပြောင်းလဲတာနဲ့အမျှ ကျွန်မတို့ ဘယ်လိုပြောင်းလဲ သင့်တယ်၊ ဘယ်လိုခြေလှမ်းတွေ လှမ်းနိုင်မယ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါပိုး ရှိ/မရှိ မြန်မြန်ဆန်ဆန် နှင့် မှန်မှန်ကန်ကန် စစ်ဆေးနိုင်သည့် Antigen test kit များကို စက်တင်ဘာ ၂၉ ရက်မှ စ၍ မြို့နယ် ၊ ခရိုင် ဆေးရုံများ၌ အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ test kit များ သုံးပြီ ဆိုပါက ရောဂါပိုး ရှိမှုများ ပို၍ တွေ့လာမည် ဖြစ်ကြောင်း ၊ မြန်မြန် သိရသည့် အခါတွင် စောစီးစွာ ကုသပေးနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့အတူ ကျန်းမာရေးဝန်ထမ်းများထဲတွင်လည်း ရောဂါပိုးကူးစက်ခြင်းများ ရှိပြီး အသေအပျောက်လည်းရှိကြောင်း ၊ စေတနာ ၊ မေတ္တာ နှင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ၊ Quarantine ဘက်တွင် ကူညီသည့် စေတနာ့ဝန်ထမ်းများ အားလုံးကိုလည်း ပြည်သူပြည်သားများကိုယ်စား ကျေးဇူးတင်ကြောင်း ၎င်းက ထည့်သွင်း အသိပေးပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “အခုဆိုရင် အထူးသဖြင့်ပေါ့။ ရောဂါပြန့်ပွားမှုက များပြားပြီးတော့ ဆိုးဝါးနေတာကတော့ ရန်ကုန်တိုင်းဒေသကြီးပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ တော်တော်ဆင်ဆင်ခြင်ခြင်ဖြစ်လာပြီလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း ဆက်ပြီးတော့ ဆင်ခြင်ဖို့လိုပါတယ်။ အခုဟာက အခုစပြီးဆင်ခြင်လို့ မနက်ဖြန် ချက်ချင်း အားလုံးဟာ ပျောက်မှာမဟုတ်ပါဘူး။ ကူးပြီးသား ရောဂါပိုးတွေကတော့ ရှိနေမှာပဲ။ ဆက်ပြီးတော့ မပြန့်ပွားအောင် ကျွန်မတို့က ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။ ဆက်ပြီးတော့ မပြန့်ပွား အောင်လို့ဆိုတော့ အဲဒီလိုပြန့်ပွားစေတဲ့ နေရာတွေကို ကျွန်မတို့ အထူးဂရုပြုပြီးတော့ လုပ်ဆောင်နေပါတယ်။”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၈ ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၆၃၁ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၂၅၆ ဦး ရှိလာကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.