Connect with us

MYANMAR

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိ 

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးဆွေးနွေးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) 

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက  သြဂုတ် ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။ 

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများအနက် တရားမဝင်/ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသားအဖြစ် စိစစ်အတည်ပြုပြီး မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံး လုပ်နည်းများအရ ပေးဆောင်ရမည့် ဒဏ်ကြေးကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်ရရှိရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတို့မှတစ်ဆင့် သံတမန်နည်းလမ်းဖြင့်လည်းကောင်း၊ မလေးရှားနိုင်ငံ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်လည်းကောင်း ဘက်ပေါင်းစုံမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအမတ်ကြီးအပါအဝင် သံရုံးအရာရှိများသည် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ထိတွေ့ညှိနှိုင်းလျက်ရှိရာ သြဂုတ် ၁၄ ရက်နေ့က သံရုံးကောင်စစ်တာဝန်ခံအရာရှိများသည် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ Counter Service Unit မှ Senior Deputy Assistant Director ထံသို့ သွားရောက်တွေ့ဆုံလျက် မလေးရှားနိုင်ငံရှိ တရားမဝင်/ အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၀,၀၃၀)ဦးအနက် နိုင်ငံသားစိစစ်ပြီးဖြစ်သည့် မြန်မာနိုင်ငံသို့ပြန်ရန် အရေးပေါ်လိုအပ်နေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကျန်းမာရေး မကောင်းသူများ စုစုပေါင်း (၁၃၁) ဦးအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန်နှင့် ၎င်းတို့မှပေးဆောင်ရမည့် ဒဏ်ကြေးငွေ ကင်းလွတ်ခွင့်ပြုပေးနိုင်ပါရန် ဆွေးနွေးညှိနှိုင်း မေတ္တာရပ်ခံခဲ့ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူနှင့် ဆွေးနွေးမှုအရ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူများအနေဖြင့် နေထိုင်သည့် သက်တမ်းကာလ ကျော်လွန်မှုအပေါ်မူတည်၍ ဒဏ်ကြေးအသီးသီးပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ ဖော်ပြပါ မြန်မာနိုင်ငံသား(၁၃၁)ဦးအား ဒဏ်ကြေးလျှော့ပေါ့မည်ဆိုပါကလည်း အနည်းဆုံးပမာဏကို သတ်မှတ်သွားရန်ရှိကြောင်း၊ Special Pass အတွက် တစ်ဦးလျှင် ရင်းဂစ်(၁၀၀) ပေးဆောင်ရမည်ဖြစ်ရာ ယင်းအခကြေးမှာမူ ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့ခွင့် မရနိုင်ကြောင်း နှင့် အသက် (၁၈)နှစ်အောက်ရှိသူများ ဒဏ်ကြေးပေးဆောင်ရန် မလိုကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် တရားမဝင်/ အထောက်အထားမဲ့ ကနဦးမြန်မာနိုင်ငံသား (၁၃၁) ဦးနှင့် စပ်လျဉ်း၍ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ ထပ်မံတောင်းခံသည့် အချက်အလက်များအား ဖြည့်စွက်လျက် သြဂုတ် ၂၅ ရက်နေ့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ ပေးပို့ခဲ့ကြောင်း၊  မလေးရှားဘက်မှ ယင်းအချက်များအပေါ် လေ့လာသုံးသပ်၍ ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်း သို့မဟုတ် လျှော့ပေါ့ပေးခြင်း ဆုံးဖြတ်ချက်ချမည်ဖြစ်ပြီး ဆုံးဖြတ်ချက်နှင့်အညီ Special Pass ရှိနိုင်ရေးအတွက် ဖော်ပြပါ (၁၃၁) ဦးသည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လူကိုယ်တိုင် သွားရောက်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ 

 

မလေးရှားနိုင်ငံရောက် တရားမဝင်/အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်ရေးကိစ္စရပ်မှာ လုပ်ငန်းစဉ်အရ သိမ်မွေ့နက်နဲလှပြီး အချိန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် ကောင်းမွန်သော အကျိုးရလဒ်ပေါ်ထွန်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မလေးရှားအစိုးရ၏ ခွင့်ပြုချက်ရရှိပါက မြန်မာအစိုးရအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်များစေလွှတ်ကာ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အခက်အခဲကြုံတွေ့နေရသူများ (မြန်မာအလုပ်သမားများ၊ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများ၊ တရားမဝင်/အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ) အား ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းလျက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ (Xinhua) 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.