Connect with us

MYANMAR

COVID-19 ကာကွယ်ရေး လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နာယက တိုက်တွန်း

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီး ကုသရေး လုပ်ငန်းများတွင် ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်တိုင်လည်း လိုက်နာရမှာ ဖြစ်ပြီး အများပြည်သူကိုလည်း စနစ်တကျ လိုက်နာနိုင်ရေး စေတနာ အမှန်ဖြင့် နှိုးဆော် တိုက်တွန်းရာမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့တိုက်တွန်း ပြောကြားခဲ့သည်။

“ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် တစ်ကမ္ဘာလုံး စိန်ခေါ်မှုများနဲ့ရင်ဆိုင်ကြုံတွေ့ကြရသလို မိမိတို့နိုင်ငံမှာလည်း COVID-19 ကပ်ရောဂါ ကျရောက်မှု ပထမလှိုင်းဟာ အကျဘက်ကို ရောက်ရှိ နေတယ်လို့ ထင်ရပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စတင် ကူးစက်ခံရတဲ့ ပြည်တွင်း ကူးစက်မှု များဟာ ကျွန်တော်တို့နိုင်ငံအတွက် ယခုထက် ပိုပြီး အထူးသတိထား ဆောင်ရွက်ကြဖို့ လိုအပ် ကြောင်း ဖော်ညွှန်း ပြသနေပါတယ်။ တစ်ဦးချင်းအနေနဲ့ ကိုယ်တိုင် စည်းကမ်းချက် သတ်မှတ်ကာ အတတ်နိုင်ဆုံး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်သလို သတ်မှတ်ထားတဲ့ ညွှန်ကြားချက် များကိုလည်း တိကျစွာ လိုက်နာကြရမှာ ဖြစ်ပါတယ်” ဟု လွှတ်တော် နာယကက ပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၃ ရက်နေ့မှ စပြီး ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပြီးဆုံးသည့် ယနေ့ နေ့လယ်ပိုင်းတွင် လွှတ်တော် ကိုယ်စား လှယ်များအား နာယကက နှုတ်ဆက်စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယခု အစည်းအဝေး ကာလ အတွင်း လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ် မဖြစ်မနေ ပြဌာန်း ဆောင်ရွက်ပေးရမည့် နိုင်ငံတော်၏ အမျိုးသား စီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြု ပေးနိုင် ခဲ့ကြောင်း၊ လွှတ်တော်ဆိုင်ရာ အခြား လုပ်ငန်းများကိုလည်း ထိုက်သင့်သလောက် အောင်မြင် ပြီးစီး အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကို ခက်ခက် ခဲခဲ ဆောင်ရွက်နေကြရသည့် အချိန်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အကောင်အထည်ဖော်ရာ၌ တွေ့ကြုံရသော အခက်အခဲများကို ဖြေရှင်း နိုင်မည့် လမ်းကြောင်း တစ်ခု၊ တံခါး တစ်ချပ် ဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း(၃) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ မိမိတို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ သည် မိမိတို့နိုင်ငံအတွက် ရေးကြီးသော လုပ်ငန်း တာဝန်တစ်ခု ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင် အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကို လွတ်လပ်ပြီး တရားမျှတမှု ရှိရှိ၊ အောင်မြင် ချောမွေ့စွာ ပြီးစီးရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာပြီး ပြည်သူများနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ တရားမျှတပြီး ပွင့်လင်း မြင်သာမှု ရှိသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူများ အားလုံးနှင့်အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင် ကြီးများ အားလုံးက ဥပဒေ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပူးပေါင်း ပါဝင်ကြရမည် ဖြစ်ကြောင်း လည်း လွှတ်တော် နာယကက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.