Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့် ဆိုက်ကားဆရာတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်  ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၈ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၄၃) ဦး ရှိလာကြောင်း သိရသည်။

အဆိုပါလူနာသစ်များတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၅ပါဝင်ပြီး ၅ ဦးစလုံးသည် COVID-19 အတည်ပြုလူနာ နှင့် ထိတွေ့မှု မရှိကြောင်း၊ ၎င်းတို့ထဲမှ ၄ဦးသည် ပြည်ပ ခရီးသွားရာဇဝင်ရှိခဲ့ပြီး၊  ဒဂုံဆိပ်ကမ်းမြို့နယ် မှ အမျိုးသား ၁ ဦးမှာ ပြည်ပခရီးသွားရာဇဝင်မရှိသော်လည်း ရခိုင်ပြည်နယ်စစ်တွေ မြို့သို့ ခရီးသွားရာဇဝင်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ ကျန် အတည်ပြုလူနာသစ် ၁၀ ဦးမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ ဂွမြို့တွင် နေထိုင်သူတစ်ဦးမှာ COVID-19 အတည်ပြုလူနာ (Case-413) နှင့် ထိတွေ့မှုရှိကြောင်း၊ ကျန် ၉ ဦးမှာ COVID-19 အတည်ပြုလူနာ နှင့် ထိတွေ့မှုမရှိသော်လည်း ၎င်းတို့ထဲမှ မာန်အောင်မြို့တွင် နေထိုင်သူ ၁ ဦး မှာ ပြည်ပခရီးသွားရာဇဝင်ရှိကြောင်း သိရသည်။ 

သြဂုတ် ၂၈ ရက် ည ၈နာရီ အချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၄၉) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ ၂၇ ရက်နံနက်ပိုင်းအထိ စစ်တွေမြို့နယ်မှ ၁၃၆ ဦး၊ မြောက်ဦးမြို့နယ်မှ ၁၄ ဦး၊ သံတွဲမြို့နယ် မှ ၂ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၆ ဦး၊ ကျောက်ဖြူမြို့နယ် မှ ၇ ဦး၊ ကျောက်တော်မြို့နယ်မှ ၆ ဦး၊ မောင်တောမြို့နယ်မှ ၁၉ဦး၊ မင်းပြားမြို့နယ် မှ ၅ဦး၊ မြေပုံမြို့နယ် မှ ၆ ဦး၊ ပေါက်တောမြို့နယ် မှ ၁၄ ဦး နှင့် ပုဏ္ဏားကျွန်းမြို့နယ် မှ ၁ ဦးရှိသဖြင့်  COVID-19 အတည်ပြုလူနာစုစုပေါင်း ၂၁၆ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် များအနက် ကယားပြည်နယ် တစ်ခုတွင်သာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံရှိ မြို့နယ် (၃၃၀) အနက် မြို့နယ် (၂၅၁) မြို့နယ်တွင် COVID-19 ရောဂါပိုး တွေ့လူနာ မတွေ့ရှိရကြောင်း၊ ယခင်က COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိခဲ့ရပြီး ယခုအချိန်တွင် ရောဂါပိုးကင်းစင်သွားသည့် တိုင်းဒေသကြီး၊ ပြည်နယ် စုစုပေါင်း ၁၁ ခုရှိကြောင်း၊ ၎င်းတို့မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။   (Xinhua)