Connect with us

WORLD

ကပ်ရောဂါကြောင့် ဗြိတိန် မော်တော်ယာဉ်လုပ်ငန်း ဝန်ထမ်း ခြောက်ပုံတစ်ပုံ အလုပ်လက်မဲ့ ဖြစ်မည်ကို စိုးရိမ်နေရ

ဗြိတိန်နိုင်ငံ Southampton မြို့ဆိပ်ကမ်းတွင် ရောင်းချရန် ရပ်နားထားသည့် မော်တော်ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါ ဂရက်ရိုက်ခတ်မှုကြောင့် လက်ရှိ ဗြိတိန် မော်တော်ယာဉ်လုပ်ငန်းများ၏ ဝန်ထမ်း သုံးပုံတစ်ပုံသည် ခွင့်ဖြင့်နားနေရပြီး ခြောက်ပုံတစ်ပုံမှာ အလုပ်လက်မဲ့ ဖြစ်နိုင်ချေရှိနေကြောင်း  ဗြိတိန် မော်တော်ယာဉ်ထုတ်လုပ်မှု နှင့်ဖြန့်ဖြူးရောင်းချရေးအသင်း(SMMT)၏ ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။  

ကမ္ဘာ့စီးပွားရေး လှုပ်ရှားမှု ရပ်တန့်သွားခြင်း၊ ဈေးကွက်များ ပိတ်ထားခြင်း၊ စက်ရုံအလုပ်ရုံများ ရပ်နားထားခြင်းကြောင့် ဇွန်လပိုင်းမှစ၍ မော်တော်ယာဉ်လုပ်ငန်းများမှ ဝန်ထမ်း ၆,၀၀၀ ကျော်ကို  ဝန်လျှော့ချခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုကာလများတွင် ကားအရောင်း ပြခန်းများပြန်လည်ဖွင့်လှစ်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပြန်လည်လည်ပတ်နေပြီဖြစ်သော်လည်း ဈေးကွက်ဝယ်လိုအား လျော့နည်းခြင်းနှင့် လူမှုဘဝတွင် ခပ်ခွာခွာနေရန်လိုအပ်ခြင်းများကြောင့် ထုတ်လုပ်မှုနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရသည်။ 

SMMTအသင်း ဥက္ကဋ္ဌ Mike Hawes က ရေရှည်အလုပ်ရပ်နားထားရမှုသည် ကားလုပ်ငန်းများ၏ ငွေကြေးလည်ပတ်မှုကို ဖိအားဖြစ်စေသလို လုပ်ငန်းတစ်ခုလုံး၏ ဖိအားကို ပို၍များလာစေသည်ဟု ဆိုသည်။ မော်တော်ယာဉ်လုပ်ငန်းများ ပြန်လည်နိုးထလာစေရေး ၊ရောင်းအားဆွဲတင်နိုင်ရေး နှင့် ဈေးကွက်ယုံကြည်ချက်မြင့်မားလာစေရေးအတွက် တွန်းအားပြုရန် ဗြိတိန်အစိုးရအနေဖြင့် ထပ်ဆောင်းတောင်းဆိုချက်မရှိသည့် အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေပေးခြင်း၊ တန်ဖိုးဖြည့်အခွန်လျှော့ချြခင်း စသည့် ထိရောက်သည့် မူဝါဒများဖြင့် အားပေးရန် SMMTတိုက်တွန်းခဲ့ကြောင်း သိရသည်။မော်တော်ယာဉ်လုပ်ငန်းများသည် ဗြိတိန်နိုင်ငံ၏ တန်ဖိုးအရှိဆုံး ထုတ်ကုန် လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်နေရာပေါင်း ၁၆၈,၀၀၀ ခန့် ဖန်တီးပေးထားကြောင်း သိရသည်။ (Xinhua)