Connect with us

WORLD

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် စစ်ဆေးရုံတွင် ရက်အနည်းငယ် ကုသမှုခံယူမည်ဟု အိမ်ဖြူတော်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် သမ္မတကတော် မယ်လန်နီယာ ထရမ့်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါကူးစက်ခံရပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုများ နောက်ထပ်ရက်အနည်းငယ် ဆက်လက်ခံယူမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Kayleigh McEnany က ထုတ်ပြန်ချက်တွင် ပြောကြားထားချက်အရ ရောဂါလက္ခဏာ အနည်းငယ်သာပြသော သမ္မတ ထရမ့်သည် အခြေအနေကောင်းမွန်ပြီး တစ်နေ့လုံး အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
“သမ္မတဟာ သမားတော်နဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ သတိပေးချက်၊   ထောက်ခံချက်တွေနဲ့ လာမယ့်ရက်အနည်းငယ်အတွင်း Walter Reed စစ်ဆေးရုံရှိ သမ္မတရုံးခန်းကနေ အလုပ်လုပ်သွားမှာပါ” ဟု McEnany က မေရီလန်းပြည်နယ် Bethesda ရှိ စစ်ဆေးရုံကို ရည်ညွှန်းလျက် ပြောခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ကို တွေ့ရစဉ် (ဆင်ဟွာ)
“သမ္မတက သူနဲ့ ဇနီးအတွက် ထောက်ခံမှုများစွာ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်နေပါတယ်” ဟု ပြန်ကြားရေးအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။

ထရမ့်အနေဖြင့် အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ ဒုတိယသမ္မတ မိုက်ပန့်စ်ထံ ယာယီအာဏာလွှဲပြောင်းခြင်း မပြုလုပ်ရသေးကြောင်း အိမ်ဖြူတော် ပြန်ကြားရေးလက်ထောက် Alyssa Farah က CNN သို့ပြောခဲ့သည်။

“သမ္မတကပဲ တာဝန်ယူနေပါတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

အိမ်ဖြူတော် သမားတော် Sean Conley က သမ္မတ ထရမ့်သည် “ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ဓာတ်ခိုင်မာကောင်းမွန်နေပါတယ်” ဟု အောက်တိုဘာ ၂ ရက် နေ့လယ်က ပြောခဲ့သည်။
“ကြိုတင်ကာကွယ်မှုအနေနဲ့ သမ္မတကို polyclonal antibody အပြင် zinc, vitamin D, famotidine, melatonin နဲ့ aspirin ဆေးများကိုလည်းပေးထားပါတယ်” ဟု Conley က ပြောခဲ့သည်။

သမ္မတကတော်အနေဖြင့်လည်း “အနည်းငယ် ချောင်းဆိုးခြင်းနဲ့ ခေါင်းကိုက်တာကလွဲလို့ ကောင်းမွန်ကြောင်း” ကျန်ရှိသော သမ္မတမိသားစုဝင်များသည်လည်း ကျန်းမာရေးကောင်းမွန်ပြီး အောက်တိုဘာ ၂ ရက်က COVID-19 ရောဂါစစ်ဆေးမှုတွင်လည်း ပိုးမတွေ့ရှိရကြောင်း သမားတော်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ပန့်စ်၊ သမ္မတ ထရမ့်၏ အခြားသောအစိုးရအဖွဲ့ဝင်များနှင့် ၎င်း၏ အကြီးတန်းအကြံပေးများစွာလည်း COVID-19 စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဒီမိုကရက်တစ် သမ္မတလောင်းနှင့် ဒုတိယသမ္မတဟောင်းဖြစ်သူ ဂျိုးဘိုင်ဒန်လည်း COVID-19 ရောဂါစစ်ဆေးမှု၌ ပိုးမတွေ့ရှိရကြောင်း သိရသည်။  (Xinhua)