Connect with us

WORLD

ဂျာမနီနိုင်ငံတွင် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ခွင့်ပြု

ဂျာမနီနိုင်ငံ Essen မြို့ရှိ တက္ကသိုလ်ဆေးရုံတစ်ခုတွင် အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော ဆရာဝန်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- Ulrich Hufnagel/Xinhua)

ဘာလင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ကာကွယ်ဆေးနှင့် ဇီဝဆေးပညာဗဟိုအဖွဲ့ Paul-Ehrlich-Institut (PEI) သည်  COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၃ ကို အောက်တိုဘာ ၂ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ဂျာမန် ကူးစက်ရောဂါသုတေသနစင်တာ (DZIF) နှင့် IDT Biologika ဆေးဝါးကုမ္ပဏီတို့က ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ PEI ၏ အဆိုအရ လက်တွေ့စမ်းသပ်မှုအဆင့်-၃ ၌ ပထမအဆင့်တွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း ကျန်းမာသည့် အရွယ်ရောက်ပြီးသူ စေတနာ့ဝန်ထမ်း ၃၀ ဦးက လေးပတ်ခြားပြီး ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူကြမည်ဖြစ်ကြောင်း သိရသည်။

လူသားများတွင် ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုသည် COVID-19 တိုက်ဖျက်နိုင်သော ဘေးကင်းပြီး အာနိသင်ထိရောက်သည့် ကာကွယ်ဆေးများအဖြစ် ခွင့်ပြုချက်ရရှိရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း PEI က ဆိုသည်။

PEI ၏ အဆိုအရ ၎င်းကာကွယ်ဆေးသည် vector vaccine တစ်မျိုးဖြစ်ပြီး SARS-CoV-2 ၏ မျက်နှာပြင်ပရိုတင်းအတွက် မျိုးဗီဇအချက်အလက်ကို ကျောက်ရောဂါဗိုင်းရပ်စ်အတွင်း တည်ဆောက်ထားကြောင်း သိရသည်။ ကျောက်ရောဂါဗိုင်းရပ်စ်ကို တိုက်ဖျက်သည့် ကာကွယ်ဆေးကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက Ludwig-Maximilians-University Munich (LMU) တွင် ဖော်ထုတ်ထားခဲ့ပြီးဖြစ်သည်။

အဆိုပါ vector သည် ကာကွယ်ဆေးထိုးနှံထားသည့် လူ့ခန္ဓာကိုယ်တွင် ရောဂါပိုးပုံတူမပွားနိုင်ဘဲ ထည့်သွင်းထားသော မျိုးဗီဇဆိုင်ရာအချက်အလက်က ကူးစက်မှုအသွင်ဆောင်ကာ COVID-19 ပဋိပစ္စည်းနှင့် ကိုယ်ခံအားဆဲလ်များကို စတင်ထုတ်လုပ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း PEI ပြောကြားချက်အရ သိရသည်။
ဂျာမန်အစိုးရသည် COVID-19 ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု အရှိန်မြှင့်တင်ရန် ယူရို သန်း၇၅၀ (အမေရိကန်ဒေါ်လာ ၈၇၈သန်း) ကို အသုံးပြုကာ အထူးရန်ပုံငွေအစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိသည်။

IDT Biologika နှင့် DZIF ၏ ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုသည် COVID-19 တိုက်ဖျက်ရေးအတွက် ဂျာမန်ကုမ္ပဏီများ လက်ရှိလုပ်ဆောင်နေသည့် လက်တွေ့စမ်းသပ်မှုသုံးခုအနက် တစ်ခု ဖြစ်သည်။ BioNTech နှင့် CureVac ဆေးဝါးကုမ္ပဏီများသည်လည်း လူသားများတွင် စမ်းသပ်မှုပြုလုပ်ရန် နောက်ထပ်အဆင့်များအတွက် လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  (Xinhua)