Connect with us

WORLD

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနဲ့ ပြန်လည်ကျန်းမာရေး လုပ်ငန်းစဉ်တွေကို ချက်ချင်းစတင်သွားမှာပါ။ ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်သွားကြမယ်” ဟု ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အဆိုပါ ကြေညာချက်သည် အိမ်ဖြူတော်အကြံပေး Hope Hicks ထံ၌ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သမ္မတ ထရမ့်က အတည်ပြုပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိမ်ဖြူတော်မှ သမားတော် Sean Conley က သမ္မတနှင့် ဇနီးတို့၏ ဗိုင်းရပ်စ်စစ်ဆေးမှုအဖြေတွင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုချက်ကို အောက်တိုဘာ ၁ ရက် ညနေပိုင်းက လက်ခံရရှိခဲ့ကြောင်း ပြောခဲ့သည်။

 “သမ္မတနဲ့ ဇနီးတို့နှစ်ဦးလုံးဟာ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်။ သူတို့ ကုသမှုခံယူနေစဉ်ကာလမှာ အိမ်ဖြူတော်အတွင်းရှိ နေအိမ်မှာပဲနေထိုင်ဖို့ စီစဉ်ထားပါတယ်” ဟု Conley က ဆိုသည်။

“သမ္မတအနေနဲ့ ပြန်လည်ကျန်းမာရေးအတွက် ကုသမှုခံယူနေစဉ်မှာ တာဝန်တွေကို နှောင့်နှေးခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ ကျွန်တော် အခိုင်အမာမျှော်လင့်ပါတယ်။ အခြားနောက်ထပ် တိုးတက်မှု နောက်ဆုံးအခြေအနေတွေကို ကျွန်တော်ဖော်ပြပေးသွားမှာပါ” ဟု အဆိုပါ သမားတော်က ဆိုသည်။
အိမ်ဖြူတော် အကြံပေး Hope Hicks တွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း ထရမ့်က တွစ်တာပေါ်တွင် အစောပိုင်းက အတည်ပြုခဲ့သည်။

“နည်းနည်းလေးတောင် အနားမယူဘဲ အလုပ်ကြိုးစားလုပ်နေခဲ့တဲ့ Hope Hicks မှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်” ဟု သမ္မတက ရေးသားဖော်ပြခဲ့သည်။

သမ္မတ၏ အနီးကပ်လက်ထောက်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် Hicks သည် စက်တင်ဘာ ၂၉ ရက် ညပိုင်းက အိုဟိုင်းအိုးပြည်နယ် Cleveland ၌ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပထမဆုံး သမ္မတလောင်းစကားစစ်ထိုးပွဲအတွက် Air Force One နှင့်လိုက်ပါသွားခြင်း၊ စက်တင်ဘာ ၃၀ ရက်က မင်နီဆိုတာပြည်နယ်တွင် စုဝေးပွဲအတွက် သမ္မတ၏ ရဟတ်ယာဉ် Marine One ဖြင့်သွားရောက်ခြင်းများ အပါအဝင် ယခုတစ်ပတ်အတွင်း ထရမ့်နှင့် ကြိမ်ဖန်များစွာ ခရီးသွားခဲ့သူဖြစ်ကြောင်း သိရသည်။

Hicks ၊ ထရမ့်၏ အမျိုးသား လုံခြုံရေးအကြံပေး Robert O’Brien နှင့် ဝန်ထမ်းများ အပါအဝင် အိမ်ဖြူတော် တာဝန်ရှိသူများစွာ COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။  (Xinhua)