WORLD
အမေရိကန်နိုင်ငံတွင် (၄)ရက်အတွင်း အတည်ပြုလူနာ (၁)သန်းကျော်တိုးလာ၊ ဂျပန်နိုင်ငံတွင် တစ်ရက်ထဲ အတည်ပြုလူနာ ပထမဆုံးအကြိမ်အဖြစ် (၃,၀၀၀)ကျော်ရှိခဲ့

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
အမေရိကန်နိုင်ငံတွင် (၄) ရက်အတွင်း အတည်ပြုလူနာ (၁)သန်းကျော် တိုးလာခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံတွင် တစ်ရက်ထဲ အတည်ပြုလူနာ ပထမဆုံးအကြိမ်အဖြစ် (၃,၀၀၀)ကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၃ ရက် ၁၆ နာရီ ၅၈ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၆၄၉,၄၂၅ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၀,၇၁၈ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၀,၄၆၁,၉၂၆ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၅၉၉,၇၀၄ ဦး အသီးသီး ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၁၄ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၂,၁၆၅,၉၈၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၁၁,၃၄၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆,၂၂၅,၁၂၄ ဦး နှင့် သေဆုံးသူ ၂၉၉,၀၅၇ ဦး ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံတိုကျိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
(၂) သတင်းအချက်အလက်များ
အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၉ ရက်က ကိုဗစ်အတည်ပြုလူနာ (၁၀)သန်းကျော်ရှိခဲ့ပြီး တစ်လမပြည့်ခင် အချိန်အတွင်းမှာပင် လူနာအရေအတွက်သည် (၁၀)သန်းမှ (၁၅)သန်းအထိ တိုးပွားလာရာ ပျမ်းမျှအားဖြင့် ၆ ရက်လျှင် အသစ်ထပ်တိုးလူနာ (၁)သန်းရှိခဲ့သည်။ လူနာအရေအတွက်(၁၅)သန်းမှ (၁၆)သန်းသို့ ထပ်တိုးခြင်းသည် အချိန်(၄)ရက်သာကြာမြင့်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ဒီဇင်ဘာ ၁၂ ရက်က ကိုဗစ်အသစ်ထပ်တိုး အတည်ပြုလူနာ ၃,၀၄၁ ဦးရှိရာ ယင်းမှာ ကပ်ရောဂါဖြစ်ပွားသည့်ကာလ တစ်လျှောက် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ပထမဆုံးအကြိမ်အဖြစ် ၃,၀၀၀ ကျော်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း စုစုပေါင်းအတည်ပြုလူနာ ၁၇၈,၂၄၂ ဦး၊ ထပ်တိုးသေဆုံးသူ ၂၈ ဦးနှင့် စုစုပေါင်းသေဆုံးလူနာ ၂,၅၈၂ ဦးရှိကြောင်း NHKသတင်းဌာန၏ နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ဂျပန်နိုင်ငံတိုကျိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ဂျာမနီနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ဦးရေနှင့် သေဆုံးသူဦးရေသည် မြင့်တက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်မှစ၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို လာမည့်နှစ် ဇန်နဝါရီ ၁၀ ရက်အထိ တစ်ဆင့်တိုးတင်းကြပ်စွာ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဂျာမနီ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အသီးသီးရှိ အစိုးရများက ဒီဇင်ဘာ ၁၃ ရက်တွင် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း သိရသည်။
မွန်ဂိုးလီးယားနိုင်ငံတွင် ကိုရိုနာကပ်ရောဂါကြောင့်ဖြစ်ပွားသည့် အခက်အခဲများကို နိုင်ငံနှင့်ပြည်သူ စောလျင်စွာ ကျော်လွှားနိုင်ရန် လူထု၊စီးပွားရေးလုပ်ငန်းအကျိုးပြု မူဝါဒသစ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းနိုင်ငံ အစိုးရက ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ရဝန်ဒါနိုင်ငံတွင် လက်ရှိကိုဗစ်အတည်ပြုလူနာဦးရေအများအပြားတိုးလာနေသည့် တစ်ချိန်တည်းမှာပင် သေဆုံးသူဦးရေလည်း တိုးပွားလျက်ရှိရာ ကပ်ရောဂါ၏အန္တရာယ်အဆင့်ကို ရောက်ရှိနေကြောင်း ရဝန်ဒါ ကျန်းမာရေးဝန်ကြီး Daniel Ngamije ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ လူထုအားလုံးက ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို လိုက်နာကြရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးရှိသည့်နေရာကို သွားရောက်ခြင်းမပြုရန်၊မိတ်စုံ စားပွဲများပါဝင်ခြင်းမပြုကြရန် ၎င်းက တိုက်တွန်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံ China National Pharmaceutical Group မှ သုတေသနပြုထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘာရိန်းတွင် မှတ်ပုံတင် ဈေးကွက်တင်ရန် တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဘာရိန်း အမျိုးသား ကျန်းမာရေးကြီးကြပ်စီမံမှုဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)