Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် အမေရိကန်နှင့်မက္ကဆီတွင် ခွင့်ပြုပြီဖြစ်၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထွေထွေနည်းလမ်းများကို အသုံးပြုရန် လိုအပ်ဟု WHO ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် အမေရိကန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထွေထွေနည်းလမ်းများကို အသုံးပြုရန် လိုအပ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၂ ရက် ၁၈ နာရီ ၄၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၆၅၆,၁၈၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၁,၈၆၈ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၆၉,၈၀၈,၅၈၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၅၈၈,၈၅၄ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၁၃ ရက် ၇ နာရီ ၂၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၁,၆၀၈,၉၆၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၀၃,၄၁၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆,၀၃၅,၅၃၇ ဦး နှင့် သေဆုံးသူ ၂၉၇,၆၇၄ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန် Pfizer ဆေးကုမ္ပဏီနှင့် ဂျာမနီ ဇီဝနည်းပညာ ကုမ္ပဏီ BioNTechတို့ ပူးတွဲသုတေသနပြုထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် လျှောက်ထားချက်ကို အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးသည် အမေရိကန်နိုင်ငံတွင် အရေးပေါ်အသုံးပြုသည့် ကာကွယ်ဆေးအဖြစ် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ရာ အသက် ၁၆ နှစ်နှင့်အထက်ရှိသူများကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် အမေရိကန် Pfizer ဆေးကုမ္ပဏီနှင့် ဂျာမနီ ဇီဝနည်းပညာ ကုမ္ပဏီ BioNTechတို့ ပူးတွဲ သုတေသနပြုထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံအစိုးရလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီ၏ ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ဒီဇင်ဘာ တတိယအပတ်တွင် တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်ကို စတင်ရန် ဆောင်ရွက်လျက်ရှိရာ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံပေးမှုကို အကောင်အထည်ဖော်နိုင်ရန် ခန့်မှန်ထားကြောင်း သိရသည်။

ကူးစက်ရောဂါဗေဒ ရှုထောင့်မှ ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအခြေအနေသည် လွန်စွာမတည်မငြိမ်ဖြစ်နေဆဲ ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေးသော်လည်း ကပ်ရောဂါတိုက်ဖျက်ရေး အခြားနည်းလမ်းများက မရှိမဖြစ်လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ် ကျန်းမာရေးအစီအစဉ် အမှုဆောင် ညွှန်ကြားရေးမှူး Michael J. Ryanက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၁ ရက်က COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာသည် တစ်ရက်အတွင်း ထပ်တိုးဦးရေအများဆုံးအဖြစ် ၉၅၀ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၄၁,၇၃၆ ဦး ထိ ရောက်ရှိသွားခဲ့ကြောင်း ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က ဒီဇင်ဘာ ၁၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်မှစ၍ မြို့တော်တစ်ဝိုက်ဒေသများတွင် အဆင့်အလိုက်ခွဲ၍ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစခန်း ၁၅၀ ကျော် အသစ်ထပ်တိုးထားရှိကာ ဆေးစစ်မှုများ ချဲ့ထွင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)