Connect with us

Education & Health

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် လွယ်ကူ အဆင်ပြေစွာ ဖြေဆိုနိုင်ကြ

ယခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အား ဖြေဆိုအပြီး အ.ထ.က (၁) စာစစ်ဌာနမှ ပြန်လည် ထွက်ခွာ လာသော ကျောင်းသား/သူ များ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့မတ်လ ၉ ရက်မှ စတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆို နေကြပြီ ဖြစ်ရာ ပထမနေ့ဖြစ်သည့် မြန်မာစာမေးခွန်း စတင်ဖြေဆိုသည့်နေ့တွင် ကျောင်းသား/သူတိုင်း အဆင်ပြေ လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်သည့်နေ့တွင် မြန်မာစာ ဘာသာရပ်မေးခွန်းအား စတင် ဖြေဆိုကြရာတွင် ရန်ကုန်မြို ့တာမွေမြို့နယ်ရှိ အ.ထ.က (၁) စာစစ်ဌာနသို့လာရောက် ဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူ များအား ဘာသာရပ် မေးခွန်းများ ဖြေဆိုမှုအပေါ် ဆင်ဟွာ သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုမှု အပေါ် မောင်သီဟအောင် က ဆင်ဟွာ သို့ ပြောကြားနေစဉ် (ဆင်ဟွာ)

အ.ထ.က (၃) တာမွေကျောင်းမှ လာရောက် ဖြေဆိုခဲ့သည့် မောင်သီဟအောင်က“ဒီနေ့မြန်မာစာ မေးခွန်းက လွယ်ပါတယ်။ ကျွန်တော်တို့ ကျက်ထားတာတွေလည်း ပါပါတယ်။ အဆင်ပြေပါတယ်။ ကျွန်တော်က သိပ္ပံ ဘာသာတွဲ ယူထားတာပါ။ ကျွန်တော် အင်ဂျင်နီယာ တစ်ယောက် ဖြစ်ဖို့ရည်မှန်းချက် ရှိပါတယ်”ဟု ပြောသည်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုမှု အပေါ် မရွှေယမင်းဦး က ဆင်ဟွာ သို့ ပြောကြားနေစဉ် (ဆင်ဟွာ)

အ.ထ.က (၂) တာမွေ ကျောင်းမှ လာရောက် ဖြေဆိုခဲ့သည့် မရွှေယမင်းဦးက “သမီးက သိပ္ပံတွဲ ယူထားပါတယ်။ ဒီနှစ် စာမေးပွဲ ဖြေရတာ အဆင် ပြေပါတယ်။ သမီးက ပညာနဲ့ပတ်သက်ပြီး စာစီစာကုံးကို သိထားပြီးတော့ အဲဒီဟာက မေးခွန်းမှာ ပါလာ ပါတယ်။

ကျက်ထားသမျှတွေလည်း မေးခွန်းမှာ ပါလာပါတယ်။ မေးခွန်းကလည်း လွယ်လဲ လွယ်ပါတယ်။ ကျောင်းသားတွေအတွက် အဆင်ပြေအောင် မေးထားတဲ့အတွက် အဆင်ပြေပါတယ်။ ခု တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားရင် ကွန်ပြူတာ တက္ကသိုလ် တက်ချင်ပါတယ်”ဟု ပြောသည်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုမှု အပေါ် မောင်ရဲဇော်ဌေး က ဆင်ဟွာ သို့ ပြောကြားနေစဉ် (ဆင်ဟွာ)

အ.ထ.က (၁) တာမွေကျောင်းမှ လာရောက် ဖြေဆိုခဲ့သည့် မောင်ရဲဇော်ဌေးက “ကျွန်တော် ဒီ အ.ထ.က (၁) တာမွေကျောင်းမှာ တက်ခဲ့ပြီးတော့ ဒီစာစစ်ဌာနမှာပဲ ဖြေတာ ဖြစ်ပါတယ်။ ပထမဆုံး ဖြေရတာ ဖြစ်ပေမယ့် မေးခွန်းက လွယ်ပါတယ်။ဒါပေမယ့် စိတ်တွေက နည်းနည်း လှုပ်ရှားနေတဲ့အတွက် ကြောက်စိတ်တော့ ရှိပါတယ်။ ဆရာဝန် တစ်ယောက် ဖြစ်ချင်ပါတယ်”ဟု ပြောသည်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုမှု အပေါ် မနေရည်ကျော် က ဆင်ဟွာ သို့ ပြောကြားနေစဉ် (ဆင်ဟွာ)

အ.ထ.က (၂) တာမွေကျောင်းမှ လာရောက် ဖြေဆိုခဲ့သည့် မနေရည်ကျော်က “သမီးက အ.ထ.က (၂) တာမွေက လာဖြေတာပါ။ သိပ္ပံဘာသာတွဲ ယူထားပါတယ်။ ဒီနေ့ဖြေရတာ အဆင်ပြေပါတယ်။ ကျောင်းသားတွေ ဖြေနိုင်မယ့် မေးခွန်းပဲ မေးထားတာပါ။ အကုန်လုံး လွယ်ပါတယ်။ သမီးက ကိုယ်ရတဲ့ အမှတ်အလိုက် ရတဲ့ တက္ကသိုလ် တက်မှာပါ။သမီးက ဒီဇိုင်နာ တစ်ယောက် လုပ်မှာပါ” ဟု ပြောသည်။

ယခု ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြည်တွင်းစာစစ်ဌာန ၁၄၅၁ ခု ၊ နိုင်ငံခြား စာစစ်ဌာန ၁၆ ခု စုစုပေါင်း စာစစ်ဌာန ၁၄၆၇ ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်း ထားကြ သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းမှာ ၆၇၁၆၇၀ ဦး ရှိကြောင်း သိရသည်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲအား မတ် ၉ ရက်နေ့မှ စတင်၍ ဘာသာရပ်အလိုက် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ စိတ်ကြိုက် မြန်မာစာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ ၊ ပထဝီ ၊ သမိုင်း မေးခွန်းများအား မတ် ၁၈ ရက်နေ့အထိ ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.