Connect with us

Education & Health

မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ် စစ်ဆေးမှု ခံယူကြရန် တိုက်တွန်း

ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့  အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ပြည်သူတစ်ရပ်လုံးက မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ် စစ်ဆေးမှု ခံယူကြရန် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ယနေ့နံနက်တွင် နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနား၌ တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မျက်စိဆရာဝန်ပေါင်း ၃၅၀ ဦးခန့်ရှိနေပြီး လူဦးရေ တစ်သိန်းခွဲတွင် ဆရာဝန် တစ်ဦးနှုန်း စောင့်ရှောက်မှု ပေးနိုင်ပြီဖြစ်ကြောင်း၊ မျက်စိကု ဆရာဝန် အသစ်များကိုလည်း ထပ်မံ ပျိုးထောင် သင်ကြားပေးလျက်ရှိကြောင်း၊ WHO ၏ ရည်မှန်းချက်ဖြစ်သည့် အတွင်းတိမ် ခွဲစိတ်မှု နှုန်းမှာ လူဦးရေ တစ်သန်းလျှင် သုံးထောင်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် အတွင်းတိမ်ခွဲစိတ်မှုနှုန်း ၂၂၀၈ ဦးအထိ တိုးတက်လာပြီ ဖြစ်ကြောင်း၊ တစ်နှစ်မှ ကိုးနှစ်အကြား ကလေးများ ကူးစက် မျက်ခမ်းစပ် ဖြစ်ပွားနှုန်းအား ငါး ရာခိုင်နှုန်းအောက်သို့ ကျဆင်းရေးနှင့် မျက်တောင်စိုက် မျက်တောင်မွေးစူး ရောဂါ ဖြစ်ပွားနှုန်းအား ၀ ဒသမ ၁ ရာခိုင်နှုန်း အောက်သို့ လျော့ကျစေရေးတို့တွင်လည်း ရည်မှန်းချက် ပြည့်မီနေပြီဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်း ကြေညာနိုင်ရန် ကြိုးပမ်း အားထုတ်နေပါကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့ အခမ်းအနားတွင် WHO Rept. Dr. Stephan Paul Jost အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယ ကြာသပတေးနေ့ကို ‘ကမ္ဘာ့ မျက်မမြင် ပပျောက်ရေး နေ့’ အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံများ အားလုံး၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း၊ မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို ့ယွင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေး ပြသနာ ဖြစ်သည်ကို သိရှိ နားလည်ကာ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုတို့ တက်ညီ လက်ညီ ပူးပေါင်းပြီး မျက်စိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လာစေရန် နှင့် ကာကွယ် ကုသ၍ ရသော မျက်မမြင် ဖြစ်ပွားမှု လျော့နည်း ပပျောက်သွားစေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Universai Eye Health Make Vision Count ဆောင်ပုဒ်ဖြင့် ယခုနှစ် ကျင်းပသော အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာ နမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက် ရေး အသင်းမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ဌာနေကိုယ်စားလှယ် နှင့် တာဝန်ရှိသူများ၊ NGO များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေး အဖွဲ့ကြီးမှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost ကလည်း အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် WHO ၏ လမ်းညွှန်ချက်အတိုင်း အမျိုးသား အမြင် သန်စွမ်းရေး မျှော်မှန်း ချက် အစီအစဉ် (National Vision 2020) ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ စတင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၉ တွင် ကာကွယ်ကုသ၍ ရသော မျက်စိရောဂါများ၏ ၂၅ ရာခိုင်နှုန်းကို ဆောင်ရွက်လျက် ရှိရာတွင် မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းသည် အဓိက အခန်း၌ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.