Connect with us

Environment, Disasters & Accidents

ကုန်းတွင်းမုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်း အဖြစ် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ ဖြတ်သန်းမည်

မိုးရေထဲတွင် ထီးဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊  အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည်  ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်း အဖြစ်ဖြတ်ကျော်နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်း နှင့် ပတ်သက်သည့် သတိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဖြတ်သန်းစဉ် တစ်နာရီ လျှင်၂၇ မိုင် မှ ၃၅ မိုင် အထိ လေတိုက်နှုန်းရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

“အင်တာနက် မှာပြောနေသလို မုန်တိုင်းငယ်ဖြတ်မယ်ဆိုတာ မဟုတ်ပါဘူး။ လေဖိအားနည်းရပ်ဝန်းအနေနဲ့ ဖြတ်မှာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့ တစ်နေကုန် နေ့လည်ပိုင်းက စပြီးတော့လေဖိအားနည်းဖြတ်မှာပါ။ လေဖိအားနည်းဖြတ်နေတဲ့ အချိန် တိုင်းဒေသကြီး နဲ့ ပြည်နယ် တစ်ချို့မှာ မိုးရွာနိုင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်နိုင်ကြောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် ဘင်္ဂလားပင်လယ်အော် ၌ အဆိုပါလေဖိအားနည်း ရပ်ဝန်း ၏ အဆက် အဖြစ် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း၎င်းဆိုသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ စက်တင်ဘာ၂၂ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း သိရသည်။

“လေဖိအားနည်းဖြတ်တဲ့ အချိန် လေကနည်းနည်းပြင်းတော့ ခိုင်ခံ့တဲ့အိမ်တွေ က ပြဿနာ မရှိပေမယ့် မခိုင်တဲ့ အိမ်တွေကတော့ အမိုးလန်တာ မျိုးတွေဖြစ်နိုင်ပါတယ်’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။

ကုန်းတွင်းမုန်တိုင်းငယ် ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ပြည်သူများ အနေဖြင့် ကြိုတင်ဂရုပြုနေထိုင်သင့်ကြောင်း မိုးဇလမှ ယနေ့ သတင်းထုတ်ပြန်သည်။  (Xinhua)