Connect with us

Environment, Disasters & Accidents

အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၃ ခုတွင် လူဦးရေ ၉၅၀၀ ကျော် ဘေးသင့် ၊ ၃ ဦးသေဆုံး

အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးမှု တစ်ချို့အား တွေ့ရစဉ်(ဓာတ်ပုံ - ministry of social welfare relief and resettlement myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တနင်္သာရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လေပြင်းတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် သဘာဝ ဘေးသင့် ပြည်သူ ၉၅၀၀ ကျော် ရှိပြီး လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၃ ခုမှာ လေပြင်းကျတာတို့ ၊ မိုးကြီးလေကြီးကျတာတို့ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ စဖြစ်တာ ၁၇ ရက်လောက်က ဖြစ်တာ။ လေနဲ့မိုးကြောင့် စုစုပေါင်း မြို့နယ် ၆ မြို့နယ်က ဘေးသင့် အိမ်ခြေက လုံးဝ ပျက်စီးတာ ၅၁ လုံး ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတာ ၈၈ လုံး ရှိတယ်။ ဘေးသင့်အိမ်ထောင်စုကတော့ ၆၀၀ ကျော်လောက် ရှိတယ်။ လူဦးရေက ၂၅၀၀ လောက် ရှိတယ်။ မွန်ပြည်နယ်မှာကတော့ ၁၉ ရက်မှာ ဖြစ်တယ် ။ မွန်ပြည်နယ်မှာကတော့ အဓိကတော့ ရေတက်တာပေါ့။ ရေး ၊ ပေါင် ၊ ကျိုက်ထိုတို့မှာ ဒီရေလှိုင်းတက်လို့ ပျက်စီးတာတွေ ရှိတယ်။ ထိခိုက်တာက ဘေးသင့် အိမ်ခြေက လုံးဝပျက်စီးတာ ၈၈ လုံး ရှိတယ်။ တစ်စိတ်အပိုင်း ပျက်စီးတာ ၁၀ လုံးလောက် ရှိတယ်။ ဘေးသင့်အိမ်ထောင်စုကတော့ နည်းတယ်။သေဆုံးတာက မွန်မှာ လှိုင်းပုတ်လို့ မိသားစု ၃ ယောက်ပါသွားတယ် ။ အဲဒီတော့ ၃ ယောက် သေတာ ရှိတယ်ပေါ့။ ပဲခူးမှာက ရေဝင်လို့ ပြောင်းရတာ ။ ကဝမြို့နယ်မှာ ရေတက်တာ မိုးအဆက်မပြတ်ရွာတယ်။ စစ်တောင်းမြစ်က ရေတက်တဲ့အခါကြတော့ အိမ်ထောင်စုပေါင်း ၁၅၀၀ ကျော်လောက်က လူဦးရေ ၇၀၀၀ လောက် ခဏရွှေ့ပြောင်းထားတာ ရှိတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် ၃ ခုတွင် အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ စုစုပေါင်း ဘေးသင့်ပြည်သူ ၉၅၀၀ ကျော် ၊ ဘေးသင့်အိမ်ထောင်စု ၂၂၀၀ ကျော် ရှိပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၁၃၀ ကျော် နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ ၉၀ ကျော် ရှိကြောင်း ၊ သေဆုံးသူမှာ မွန်ပြည်နယ်၌ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံသို့ လေဖိအားနည်း ရပ်ဝန်းအဖြစ် ဖြတ်ကျော်ခဲ့ကြောင်း သိရသည်။ (Xinhua)