Connect with us

Environment, Disasters & Accidents

ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် အချိန်အခါမဟုတ်မိုးရွာနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏ အရှိန်ကြောင့်လည်းကောင်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရေခိုး၊ ရေငွေ့ပါသည့်လေများ တိုက်ခတ်လာ ခြင်းတို့ကြောင့် လည်းကောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကို ယနေ့ ဇန်နဝါရီ ၁၂ ရက် တွင် ပြောသည်။

ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့အတွင်း စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ဦးလှထွန်းက “ဆောင်းကာလဆိုတော့ပုံမှန် လေအေးတွေ တိုက်တယ်။အခုကတော့ တောင်ဘက်က လေနွေးတွေ ဝင်လာပြီး သွားဆုံတဲ့အခါ လေထုမတည်မငြိမ်ဖြစ်ပြီး မိုးတိမ်တောင်ဖြစ်ထွန်းမှုများတယ်။ တိမ်ဖြစ်ထွန်းမှု အားကောင်းရင် အထက်လေထုမှာ လေအေးတိုက်နေပြီး အောက်ဘက်က လေနွေးတိုက်တော့ မိုးတိမ်တောင်တွေရဲ့ အထက်ပိုင်းတွေမှာ ရေခဲတာပေ့ါလေ။ ရေခဲတော့ ဒါတွေက မိုးသီးအဖြစ်ရွာချတာပေါ့’’ ဟု ဦးလှထွန်းကပြောသည်။

အချိန်အခါမဟုတ် မိုးထစ်ချုန်းခြင်းကြောင့် ဆောင်းသီးနှံများလည်း သတိထားသင့်ကြောင့် ၎င်းကဆိုသည်။ ယခုနှစ် ဆောင်းရာသီ သည် လာနီညာနှစ်ဖြစ်သောကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများအား ဂရုပြုသင့်ကြောင်း ဦးလှထွန်းကဆိုသည်။ (Xinhua)