Connect with us

Education & Health

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းအတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းအတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ် -အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ခရိုင် ၅၀ မှာ မကြာသေးခင်ကဖွင့်လှစ်ခဲ့တဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက်အပံ့တွေ လိုအပ်လျက်ရှိပါတယ်။ ကျန်ရှိနေတဲ့ ၇၅ ခရိုင်မှာလည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားဖို့အစီအစဉ်ရှိပါတယ်။ ဆရာ ဆရာမများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့ အာဆီယံနိုင်ငံများကို လေ့လာရေးခရီးစဉ် စေလွှတ်နိုင်ဖို့လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးစိတ်ဝင်စားပါတယ်။ မြန်မာတက္ကသိုလ်များပါဝင်တဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုပါတယ်။ အဲဒီလိုဆောင်ရွက်မှုတွေမှာ အကျိုးတူသုတေသနဆောင်ရွက်မှု အစီအစဉ်တွေ၊ ဆရာ ဆရာမဖလှယ်ရေး အစီအစဉ်တွေ၊ကျောင်းသားများ ကျောင်းပြောင်းရွှေ့ သင်ယူနိုင်မည့်အစီအစဉ်တွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ နဲ့ ညီလာခံများ ကျင်းပခြင်းတို့ ပါဝင်ပါတယ်” ဟု ဒေါက်တာညွန့်ဖေကပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား ၁,၈၆၁ ဦး၊ ကျောင်းသူ ၈၃၀ ဦး၊ စုစုပေါင်း ၂,၆၉၁ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများက မြန်မာ ကျောင်းသား ကျောင်းသူများနှင့် မြန်မာ့ပညာရေးကို အကျိုးပြုရုံသာမက မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းစေပါကြောင်း၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံတို့သည် ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံကြွယ်ဝချမ်းသာမှုနှင့်အတူ ပိုမိုခိုင်မာသော ချစ်ကြည်လေးစားမှုကိုဖန်တီးနိုင်ပြီး လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတစ်ဝန်းလုံး၏ တိုးတက်မှုများကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဒေါက်တာညွန့်ဖေက တရုတ် -အာဆီယံပညာ ရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတွင်ပြောကြားခဲ့ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက “အစိုးရနည်းပညာအထက်တန်းကျောင်းနဲ့ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှာ သင်တဲ့ စက်မှုဘာသာရပ်တွေက အတူတူပဲ။ သင်ရိုးတန်းညွှန်းတမ်းလည်းတူတယ်။ KG+9 ပြီးသွားရင် ပုံမှန်ကျောင်းကို မတက်ချင်ဘဲ လုပ်ငန်းခွင်ကို တန်းဝင်ရောက်နိုင်တဲ့ သင်တန်းကျောင်းမျိုးတက်ချင်ရင်တော့ အခုဒီကျောင်းတွေက ၃ နှစ် ကျောင်းတက်ပြီးရင် လုပ်ငန်းခွင် တန်းဝင်လို့ရတဲ့ အနေအထားဖြစ်ပါပြီ။ နောက်တစ်ခုက ကျောင်းသားတွေအနေနဲ့ အရည်ချင်းပြည့်မီတယ်ဆိုရင် အစိုးရစက်မူလက်မူသိပ္ပံ၊ အစိုးရနည်းပညာကောလိပ် နဲ့ နည်းပညာ တက္ကသိုလ် များအထိ ဆက်တက်လို့ရပါတယ်” ဟု ဆင်ဟွာသို့ ဩဂုတ် ၃၁ ရက်တွင်ပြောသည်။ (Xinhua)