Connect with us

Media

မြန်မာနိုင်ငံတောင်ပိုင်း ပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်နိုင်

ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းပြည်နယ်အချို့တွင် မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသော ကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များထုတ်ပြန်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြောသည်။

“မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ မုတ်သုံအားကောင်းခဲ့တာပါ။ မုတ်သုံအားကောင်းတဲ့အတွက် မြစ်ချောင်းတွေမှာရေတွေပြည့်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်လာတာပါ” ဟု ဦးလှထွန်းက ပြောသည်။

သံလွင်မြစ်ရေသည် ဩဂုတ် ၂ ရက်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် ဩဂုတ် ၃ ရက်၌ ၁ ပေခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ဩဂုတ်၂ ရက်၌ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ဩဂုတ် ၃ ရက်တွင် ၁ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ဩဂုတ် ၂ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်၌ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် အထူးဂရုပြုနေထိုင်သင့်ကြောင်း နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သင့်ကြောင်း ဦးလှထွန်းက အကြံပြုချက်ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည့် ဒေသများတွင် လိုအပ်ပါက အသင့်ကူညီပြောင်းရွှေ့နိုင်ရန် ရေကင်းများချထားစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်က “မော်လမြိုင်မြို့၊ ရေးမြို့နဲ့ မုဒုံမြို့တို့ဘက်မှာလည်း ရေကြီးခဲ့တယ်။ ဒီရက်ပိုင်း မိုးရွာတဲ့အခါ မိုးရေချိန်ကလည်းများတယ်။ ဘီးလင်းနဲ့ ပတ်သက်လို့ပြောရရင် တချို့ တော်တော်များများ အိမ်ထောင်စုတွေ ကို ပြောင်းရွှေ့ပေးထားပါတယ်။ လူဦးရေကတော့ ၂၀၀နဲ့ ၃၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ကို ရွှေ့ပြောင်းပေးထားပါတယ်” ဟု ဆင်ဟွာသို့ပြောသည်။

ဩဂုတ် ၃ ရက် ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.