Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားဟုဆို

အကြိုညှိနှိုင်းဆွေးနွေးပွဲမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန်အတွက် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့် စက်တင်ဘာ ၉ ရက်နေ့ မတိုင်မီ အကြိုညှိနှိုင်း ဆွေးနွေးမှုတစ်ရပ်ကို စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

အကြိုညှိနှိုင်း ဆွေးနွေးပွဲကို အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ ၊ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် များဘက်မှ ထိပ်သီး ခေါင်းဆောင် ၉ ဦး တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

“ဒီနေ့ကတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ မနက်ဖြန် လုပ်မယ့် ဆွေးနွေးပွဲတွေ အတွက် လိုအပ်တာ အကြိုညှိနှိုင်းတာ လုပ်တဲ့အတွက် တိုင်းရင်းသားတွေဘက်က ဘယ်အချက်မဆို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရမှာပါ။အခု ဆွေးနွေးတာတွေ အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA text) ပေါ်ကို ဆွေးနွေးဖို့မဟုတ်ဘဲနဲ့ NCA text မှာ ပါတဲ့ ဟာကို လက်မှတ်ရေးထိုးပြီးရင် ဘယ်လို ဆောင်ရွက်မလဲလို့ လက်မှတ်ရေးထိုးတဲ့ အထဲမှာ တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ ကိစ္စရပ်တွေကို ဝန်ကြီးက ဘာကိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပြောဖို့ လမ်းဖွင့်ပေးထားတဲ့ အခါကြတော့ နွေးနွေးထွေးထွေး ဆွေးနွေးနိုင်မှာပါ”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ စက်တင်ဘာ ၉ ရက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်မှ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု ဝန်ကြီးများ ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများနှင့် တိုင်းရင်းသားများ ဘက်မှ တိုင်းရင်းသား ညီလာခံမှ ရွေးပေးထားသည့် ခေါင်းဆောင် ၅ ဦး ၊ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့(SD) မှ ခေါင်းဆောင် ၃ ဦး ၊တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ခေါင်းဆောင် ၁ ဦး စုစုပေါင်း တိုင်းရင်းသား ခေါင်းဆောင် ၉ ဦးတို့ ပါဝင်မည်ဟု သိရသည်။

“မနက်ဖြန်ပွဲမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တွေ လွတ်လွတ်လပ်လပ် သူတို့ ဆွေးနွေးချင်တာကို ဆွေးနွေးဖို့ပြင်ဆင် ထားပါတယ်။ ကျွန်တော်တို့ အလုပ်အဖွဲ့ အနေနဲ့ ပြောနိုင်တာကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA Text က သြဂုတ် ၇ ရက်မှာ ပြီးသွားပြီ။ဒီအတွက် နိုင်ငံတော် သမ္မတက သြဂုတ် ၁၁ ရက်မှာ လက်မှတ်ရေးထိုးဖို့ ဖိတ်စာလည်း ထုတ်ပြီးပြီ။တိုင်းရင်းသားတွေ ဘက်ကလည်း သြဂုတ် ၂၁ ရက်ကနေ NCA ပြီးစီးပြီ ဆိုတာ သူတို့ ကိုယ်တိုင် ထုတ်ပြန်ပြီး ဖြစ်ပါတယ်။NCA နဲ့ပတ်သတ်ပြီးတော့ ညှိနှိုင်းစရာ မရှိတော့ပါဘူး။ဒါပေမယ့် အခုလာတဲ့ ခေါင်းဆောင်တွေ ငါးဦးထဲမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကလွဲရင် ကျန်တဲ့ သူတွေကတော့ နိုင်ငံတော် သမ္မတနဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့တာ မရှိခဲ့တဲ့အတွက် အစိုးရဘက်ကတော့ အဓိကတော့ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ် NCA ပေါ်မှာ အစိုးရ သဘောထားရယ် ၊ ရှေ့ကို ဆောင်ရွက်မည့် ကိစ္စရပ်တွေ ရှင်းပြမယ်လို့မျှော်လင့်ပါတယ်။အဓိကတော့ ယုံကြည်မှုက အရေးကြီးဆုံး ဖြစ်တဲ့အတွက် ယုံကြည်မှု တည်ဆောက်တဲ့ အလုပ်ကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ဦးလှမောင်ရွှေက ပြောသည်။

ထိုတွေ့ ဆုံညှိနှိုင်းပွဲအပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရေးရက်ကို ညှိနှိုင်း သတ်မှတ်ပြီးပါက ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြည်သူလူထု အားလုံး အတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။(Xinhua)