Connect with us

Politics, Law & Military

ပြည်တွင်းလုံခြုံရေး အထူးအရေးကြီးဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံဆွေးနွေးစဉ်(အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် အထူးအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်သူ့ရဲအဖြစ် ပြောင်းခဲ့သည်က ပြည်သူ့ အတွက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ဆောင် ပေးစေလိုသည့်သဘောဟု ထ်ငကြောင်း၊ ယခု မြန်မာနိုင်ငံရဲဆိုသည်မှာ မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံပြည်သူများနှင့် နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပလုံခြုံရေးကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ခြင်း သဘောဟု ယူဆကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ဆိုသည်။

တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးသည်  ခွဲခြား၍မရပါကြောင်း၊ တရား ဥပဒေစိုးမိုးမှု မရှိဘဲ နိုင်ငံအတွင်းမလုံခြုံနိုင်ကြောင်း၊ နိုင်ငံအတွင်းမှီတင်းနေထိုင်သည့် တစ်ဦးချင်း ၏ လုံခြုံရေးသည် တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ ရပ်ရွာအေးချမ်းသာယာမှုရှိမည် ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက် အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက မျှမျှတတ လုပ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါ လိုအပ်သည့် အင်အားကိုပဲသုံးပြီး ကိုယ့်အလုပ်ကိုယ့် တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းသည် တစ်ကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်း တစ်ခုဖြစ်ပါကြောင်း၊ လိုအပ်သည်ထက် ပိုသည့်အင်အားသုံးခဲ့ပါက ပြဿနာရှိပါကြောင်း၊ ပြည်သူ လူထု၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာတိုး တက် လာရန်အရေးကြီးပါကြောင်း၊ ယင်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ကို ပံ့ပိုးပေး နေပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူ၏လိုအပ်ချက်အတွက် နိုင်ငံတော် ဘဏ္ဍာငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ကိုပေးကြောင်း၊ အမှန်တကယ်လိုအပ်ချက်နှင့် မလုံလောက် သော်လည်း တတ်နိုင်သမျှပေးပါကြောင်း၊ နောက်လည်း ထပ်ပေးသွားရန် ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေ ဖြစ်ခြင်းကြောင့် ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက်ထိုက်တန်တန် သုံးစွဲရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိကြီးများအား ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.