Connect with us

Politics, Law & Military

အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းပြောကြားစဉ်( အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယင်း အမှုကိစ္စကို တရားရုံးတော်တွင် ရိုးရိုးသားသား ပြည့်ပြည့်စုံစုံ တင်ပြခဲ့ခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံဘက်က ရှေ့နေများ၊ ဥပဒေအကြံပေးများ၏ ချေပလျှောက်လဲချက်များသည်လည်း ဥပဒေကြောင်း အရ အမြင့်မားဆုံးစံနှုန်းများနှင့်အညီ  ခိုင်ခိုင်မာမာ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတူကွဲပြားမှုများကြားက ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူများ၏  အလား အလာကောင်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးတို့ကို အထောက်အကူဖြစ်နိုင်စေမည့် ဆုံးဖြတ်ချက်မျိုးကို တရားစီရင်ရေးဆိုင်ရာဉာဏ်ပညာအမြော်အမြင်နှင့် ဆင်ခြင်တုံတရား ပြည့်ဝစွာထားပြီး တရားသူကြီးများအနေဖြင့် ချမှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း တရားရုံးတော်တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ နောက်ဆုံးလျှောက်လဲချက်များဖြစ်သည့် ရုံးတော်၏ ဥပဒေပုဒ်မ (၆၀) စာပိုဒ် (၂) အရလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အတွင်း တင်သွင်းခဲ့သည့်အကြောင်းပြချက်များအရလည်းကောင်း၊ ရုံးတော်အနေနှင့် သင့်တော်လျော်ကန်မည်ဟု ယူဆသည့် အခြားအချက်အလက်များအပေါ်မှာ အခြေခံ၍ လည်းကောင်း၊ ရုံးတော်အား မြန်မာနိုင်ငံအနေဖြင့် မေတ္တာရပ်ခံလိုသည့် အချက် ၂ချက်သည် ဂမ်ဘီယာမှရုံးတော်သို့တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှပယ်ဖျက်ပေးရန်နှင့် သို့တည်းမဟုတ် ဂမ်ဘီယာမှတောင်းဆိုသည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များအား ပယ်ချပေးရန်”ဆိုပြီး လျှောက်လဲခဲ့ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ တရားရုံးတော်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့သော ကိစ္စများ ကြောင့်တင်မဟုတ်ဘဲ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ ကာလအတွင်း ရခိုင်ပြည်နယ်တွင် ရှိနေခဲ့သည့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအားနည်းချက်များကို လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးခဲ့ကြသောကြောင့်လည်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တရားရုံးတော်ကို လက်ရှိ့ ရခိုင်ပြည်နယ်၏ ပကတိမြေပြင်အခြေအနေဆိုင်ရာ အချက်အလက်များကို သာမက ဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ အရင်းခံရေသောက်မြစ် သမိုင်းကြောင်း နောက်ခံ၊ စီးပွားရေး၊ လူမှုရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။

“အဆိုပါ တင်ပြနိုင်ဖို့ရန် အင်မတန်မှ အရေးကြီးကြောင်း၊ ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်၊ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေအနေနဲ့ ဒီအချက်အလက်တွေကို လျစ်လျူရှုခဲ့ရုံတင် မကပါဘူး၊ ဒီပဋိပက္ခတွေကို အစပြုဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အတွင်းက ARSA ရဲ့ တိုက်ခိုက်မှုတွေအကြောင်းကို ပါရုံကလေးလောက်ပဲ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုပြီး ခက်ခဲရှုပ်ထွေးစေတဲ့ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို လုံးဝထည့်သွင်းပြောကြား ခဲ့တာမျိုးလည်း မရှိခဲ့ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးနဲ့စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်သလို ဒီလို အရေးယူရန်ဆန္ဒနဲ့ အရေးယူနိုင်စွမ်းလည်း ကျွန်မတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်” ၎င်းက ပြောသည်။

့ တရားရုံးတော်အတွင်းက လျှောက်လဲမှု ဖြစ်စဉ်အပြည့်အစုံကို အများပြည်သူသိရှိနိုင်စေရန်တွက် မြန်မာဘာသာပြန်ဆိုမှုများ ဆောင်ရွက်နေကြောင်း၊သည်ဟိတ်ဂ်မြို့ကို သွားရောက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေအနေနှင့်လည်း တရားရုံးလျှောက်လဲမှုများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားစီရင်ရေးနဲ့ပတ်သက်သော ဥပဒေရေးရာ၊ နိုင်ငံရေးရာနှင့် သံတမန်ရေးရာ ရှုထောင့်အမြင်များကို ဆွေးနွေးတင်ပြနိုင်မည့်စကားဝိုင်းတစ်ရပ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)