Connect with us

Politics, Law & Military

ရန်ကင်းမြို့နယ်ရှိ ငွေလဲကောင်တာတစ်ခု၌ နိုင်ငံခြားသား နှစ်ဦး ဒေါ်လာငွေအတုဖြင့် လိမ်လည်သွား

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ တိုက် အမှတ်(၂၁၇) ရှိငွေလဲကောင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား နှစ်ဦးမှ ဒေါ်လာငွေစက္ကူအတုဖြင့် လာရောက်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖြစ်စဉ်မှာ နိုင်ငံခြားသား နှစ်ဦးသည် အချင်းဖြစ်ငွေလဲကောင်တာသို့ရောက်ရှိလာပြီး မြန်မာငွေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်း ဝယ်ယူလဲလှယ်လိုကြောင်း ပြောဆိုသဖြင့် ဆိုင်ဝန်ထမ်းအမျိုးသမီးမှ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁၀၀၀ ရွက် (ဒေါ်လာငွေ တစ်သိန်း) အား ငွေရေစက်ဖြင့် ရေတွက်၍ ၎င်းတို့ထံပေးအပ်ခဲ့သည် ဟုဆိုသည်။

၎င်းအမျိုးသားနှစ်ဦးသည် ဒေါ်လာ ၁ သိန်းကို လက်ကိုင်အိတ် တစ်လုံးအတွင်းသို့ ထည့်ပြီး ပြန်ထုတ်ကာ အခြားလက်ကိုင်အိတ် တစ်လုံးအတွင်းသို့ ပြောင်းထည့်ခဲ့ကြောင်း ၊ ယင်းနောက် စရန်ငွေအဖြစ် မြန်မာကျပ်ငွေ ၅ သိန်းအား ငွေလဲကောင်တာမှ ဝန်ထမ်းအား ပေးအပ်ခဲ့ကြောင်း နှင့် ကျန်ငွေ မြန်မာကျပ် ၁၅၀၅ သိန်းကို ၎င်းတို့၏ ကားထဲမှ သွားရောက်ယူဆောင်မည်ဟု ပြောဆိုကာ ဒေါ်လာများ ထည့်ထားသည့် လက်ကိုင်အိတ် တစ်လုံးအားထား၍ ထွက်ခွာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် နိုင်ငံခြားသား ၂ ဦး ထားခဲ့သည့် လက်ကိုင်အိတ်အား ဖွင့်ကြည့်ရာ ဒေါ်လာ ၁ သိန်းမှာ အတုများဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဒေါ်လာ အတုများ လိမ်လည် လဲလှယ်ခဲ့သော နိုင်ငံခြားသား ၂ ဦး(ဖမ်းမမိ)အား ရန်ကင်းမြို့မရဲစခန်း (ပ)၉၇၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၉(ခ)(လိမ်လည်မှု/ငွေစက္ကူအတုသုံးစွဲမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.