Connect with us

Politics, Law & Military

ပြည်သူများ စိုးရိမ်ပူပန်မှု မဖြစ်စေရေး နိုင်ငံ ထိပ်ပိုင်းပုဂ္ဂိုလ်များ အားလုံး ဝိုင်းဝန်း ညှိနှိုင်း ဆောင်ရွက်နေ

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်း တင်ပြသည့် အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီးညှိနှိုင်းဆောင်ရွက်နေကြကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း အချိန်တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပရာ ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။ထိုအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ခဲ့ကြသည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှုအစွန်းရောက်သူများက ဆူပူမှုဖြစ်အောင်လုပ်မည် ဆိုသည့်အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ယခင်ကလည်းထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန်လုပ်ဆောင်ခဲ့ကြသည်များကို တွေ့နိုင်ကြောင်း၊ဤသို့အခြေအနေမျိုးတွင်လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့်ဥပဒေနှင့်အညီထိထိရောက်ရောက်ဟန့်တားပေးရန်လိုအပ်သည်ကို အလေးအနက်ထားပြောလိုကြောင်းဖြင့် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုးပျက်စီးနေသည့်နေရာတွင် အမြန်ဆုံးပြုပြင်ခြင်းဆောင်ရွက်လျက် ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကိုအဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကိုချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း၊ နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပြီးဆက်လက်၍လည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းစသည်ဖြင့် ရခိုင်ပြည်နယ်အတွင်းဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော် သမ္မတက အကြမ်းဖက်မှုများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ၎င်းဒေသများသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ ဆောင်ရွက်ဖွယ်ရာရှိသည်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်း ၊ ယုံကြည်မှု အစွန်းရောက်သူ တို့က ပြည်သူအများ စိုးရိမ်ပူပန်မှုများကို အသုံးချ၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာပါက လုံခြုံရေးအဖွဲ့အစည်းများက ထိရောက်စွာ ဟန့်တား၍ ဥပဒေချိုးဖောက်လာပါက တည်ဆဲဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူသွားရန်လည်း လမ်းညွှန်ထားခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးသတိ ရှိရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အဓိကအကျဆုံးလုပ်ငန်းများဖြစ်ပါ၍ ပြည်သူများအားလုံးက တရားဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရကိုကူညီပံ့ပိုးပေးနိုင်ကြပါရန် အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.