Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အချို့အား ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် နယ်မြေများစာရင်းမှ ပယ်ဖျက်

၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အချို့အား ပယ်ဖျက်၍ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ မြို့နယ် နှင့် အမ်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထပ်မံစိစစ် တင်ပြချက်အရ ကျောက်ဖြူမြို့နယ်ရှိ ဂုံးချိန်ကျေးရွာအုပ်စု ၊ စစ်တောကျေးရွာအုပ်စု နှင့် အဝတောင် ကျေးရွာအုပ်စုတို့ကိုလည်းကောင်း ၊ အမ်းမြို့နယ်ရှိ အမ်းမြောက် ကျေးရွာအုပ်စု ၊ အောက်ကျေးရွာအုပ်စု ၊ လုံးကောက်ကျေးရွာအုပ်စု နှင့် အမ်းတောင်ကျေးရွာအုပ်စုတို့ကို လည်းကောင်း ရွေးကောက်ပွဲ ကျင်းပခြင်း မပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ပယ်ဖျက်၍ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မူဆယ် ၊ လားရှိုး နှင့် ကွမ်းလုံမြို့နယ်များအတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထပ်မံစိစစ် တင်ပြချက်အရ မူဆယ်မြို့နယ်ရှိ တော်ရွက် ရပ်ကွက်(မူဆယ်မြို့) ၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စု နှင့် ကွမ်းလုံမြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ပယ်ဖျက်၍ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စု၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်း ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းကို ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)