Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နေအိမ်တွင် အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မိုဘိုင်းမဲရုံပုံစံဖြင့် ဆောင်ရွက်ပေးမည်

၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နေအိမ်တွင် အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မိုဘိုင်းမဲရုံပုံစံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“ကြိုတင်ဆန္ဒမဲပေးဖို့ကို လူစုလူဝေးမဖြစ်စေအောင် တစ်အိမ်ချင်းတစ်အိမ်ချင်းအလိုက် မဲပေးမယ့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုတွေရဲ့ အိမ်ရှေ့မှာရပ်ပြီးမဲပေးလို့ရပါတယ်ဆိုပြီး ပြောပေးမှာ ဖြစ်ပါတယ်။ မဲပုံးလည်းပါပါမယ်။ ပြီးရင်မဲပေးမယ့်သူကိုယ်တိုင် ဆင်းလာပြီး ကြိုတင်ဆန္ဒမဲကို စာအိတ်ထဲထည့်ပြီး ကိုယ်တိုင်ပဲစာအိတ်ကို မဲပုံးထဲထည့်ရမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

ကြိုတင်ဆန္ဒမဲပေးကြမည့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်မှ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုမဲဆန္ဒရှင်ဦးရေ ၁၁၈,၂၉၆ဦးရှိပြီး အနောက်ပိုင်း ခရိုင်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာယီမဲရုံ ၇၉ ရုံကို တာဝန်ယူဆောင်ရွက်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ အဆိုပါယာယီမဲရုံများမှာ Quarantine စင်တာများနှင့်ထပ်သွားသည့် မဲရုံ ၃၁ ရုံနှင့် မြေပြင်ပြန်ချဆောင်ရွက်ရမည့် မဲရုံ ၄၈ ရုံတို့ဖြစ်၍ သက်ဆိုင်ရာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ တင်ပြထား သောနေရာများ၌ ယာယီမဲရုံများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျန်ခရိုင်များတွင်လည်း ကြိုတင်ဆန္ဒမဲလက်မှတ်ပေးမှုကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မိုဘိုင်းမဲရုံသပုံစံဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ သက်ဆိုင်ရာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှစ်ဦး၊ အထူးရဲ တစ်ဦး၊ မဲရုံမှူး(သို့မဟုတ်)ဒုမဲရုံမှူး တစ်ဦးနှင့် ရပ်ကွက်အတွင်းရှိ လမ်းမှူး/ဆယ်အိမ်မှူးများအား တာဝန်ချဆောင်ရွက်မည်ဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ကြမည်ဖြစ် ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ်တို့အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)