Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၇၅ ရာခိုင်နှုန်းအထိဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိ

ဓာတ်အားဖြန့်ဖြူးပေးနေသော ဓာတ်အားပေးတာဝါတိုင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံး လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 သို့ Video Conferencing စနစ်ဖြင့်တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ ၅၀% နှင့် သဘာဝဓာတ်ငွေ့မှ ၅၀% ဖြင့် ထုတ်လုပ်လျက်ရှိပြီး၊ လျှပ်စစ် ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅% မှ ၁၉% အထိ တိုးတက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

LNG မှ လျှပ်စစ်ဓာတ်အား 3000 MW ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်များ စတင်ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် LNG ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်အသုံးပြုခဲ့ပြီး စုစုပေါင်း 1000 MW ကျော် ထုတ်လုပ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ 40 MW Solar Plant (မင်းဘူး) အား ၂၀၁၉ ခုနှစ်တွင် စတင်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဆက်လက်၍ မိမိတို့နိုင်ငံ၏ ပထဝီအနေအထား အားသာမှု အပေါ် အခြေခံကာ နိုင်ငံအတွင်း နေရောင်ခြည်ကောင်းစွာရရှိနိုင်မည့်နေရာ ၃၀ တွင် စုစုပေါင်း 1000 MW ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတပ်ဆင်အင်အား၏ ၁၄ % ကို ပြန်ပြည့်မြဲ စွမ်းအင်မှ ပါဝင်ရေး ဦးတည် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ထို့အပြင်လျှပ်စစ်ဓာတ်အား အပြန်အလှန် ရောင်းဝယ်နိုင်ရေး အတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရေး အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေး လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်း ၎င်းကဆိုသည်။နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုများ တိုးမြင့်လာပြီး အာဆီယံ ဒေသတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှ ၂၀၄၀ ပြည့်နှစ်တွင် ၃၇ % ပါဝင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.