Connect with us

Politics, Law & Military

အလုပ်ရှင် ၊ အလုပ်သမား နှင့် သက်ဆိုင်ရာဌာနများ ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေး အပြန်အလှန် နားလည်မှု ရှိရှိ ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက်နိုင်ရန် သဝဏ်လွှာ ပေးပို့

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံမှ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့ သော သ၀ဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ - myanmar president office )

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရက အလုပ်သမားများ၏ ဘ၀ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် မြင့်မားရေး အတွက် အရေးကြီးသော မူဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ အလေးပေး ဆောင်ရွက် နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေး အတွက် အပြန်အလှန် နားလည်မှုရှိရှိ ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက် နိုင်ကြပါစေကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့မေ ၁ ရက်တွင် အလုပ်သမားနေ့ အခမ်းအနား သို့ပေးပို့သော သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစား နိုင်ရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ရည်မှန်းချက် များကို အခြေခံပြီး ချမှတ်ထားရှိသော မြန်မာနိုင်ငံရေရှည် တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)တွင်လည်း (၂၁)ရာစု လူမှု အသိုက်အဝန်း အတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ပန်းတိုင် သတ်မှတ်ထား ရှိပြီး ရွှေ့ပြောင်း လုပ်သား အပါအဝင် လုပ်သားအားလုံး၏ ထုတ်လုပ်နိုင်မှုစွမ်းအားကို အသုံးချရေးနှင့် အလုပ်သမား အခွင့်အရေးကို ကာကွယ် ပေးရေး ဟူ၍ မဟာဗျူဟာ ထည့်သွင်းသတ်မှတ်ကာ အလုပ်သမားများဘ၀ သာယာရေး အတွက် လုပ်ငန်းစဉ် များကိုလည်း ဦးစားပေးလုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းချမှတ် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခေတ်ကာလနှင့်အညီ အလုပ်သမားများ၏ ကျွမ်းကျင်မှုသည် အထူးအရေးပါလာသောကြောင့် နိုင်ငံတော် အနေဖြင့် ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင်ရေး ဆိုင်ရာ ကိစ္စရပ်များအား အလေးထားဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဈေးကွက်မှ တောင်းဆိုနေသည့် ကျွမ်းကျင်လုပ်သားများဖြစ်စေရန် ၊ အလုပ်သမားများ ကိုယ်တိုင်က အားထုတ်ရန်လည်း လိုအပ်ကြောင်း ၊ အလုပ်ရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးသောကြောင့် ကျွမ်းကျင်မှု ရန်ပုံငွေ ထူထောင်နိုင်ရန် တည်ဆဲ အလုပ်အကိုင် နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း အသိပေး ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး အတွက် ILO နှင့် ပူးပေါင်း၍ တိုင်ကြားမှု ယန္တရား တစ်ရပ် ထူထောင် ဆောင်ရွက်လျက် ရှိသကဲ့သို့ ထိခိုက်လွယ်သော ပြည်သူတို့အပါအဝင် တိုင်းရင်းသားလူနည်းစု၏ အလုပ်သမား အခွင့်အရေးများ မြှင့်တင် ဆောင်ရွက်ရန် ရည်ရွယ်၍ အဓမ္မခိုင်းစေမှု ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက် ရှိပြီး နိုင်ငံအဆင့် တိုင်ကြားမှု ယန္တရားတစ်ရပ် (National Complaints Mechanism) အမြန်ဆုံး ထူထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး နှင့် အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မတီ များအား ကြပ်မတ်လမ်းညွှန်ခြင်း နှင့် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းခြင်းတို့ဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး အန္တရာယ်ရှိသော အလုပ်များ စာရင်း အတည်ပြု နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)