Connect with us

Politics, Law & Military

မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်မှု စီမံကိန်း အကောင်အထည် ဖော်ရေး အတွက် သဘောတူညီမှုများ ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုး

သဘောတူညီမှုများ ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Electricity and Energy,Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်မှု စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီမှုများ ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးပွဲအား ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခု အခမ်းအနားသည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန နှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် ကုမ္ပဏီများအကြား မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးအတွက် ညှိနှိုင်းသဘောတူညီမှုများဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွား မည့် ပူးပေါင်းကုမ္ပဏီများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်များ အား အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ကမ်းလွန်လုပ်ကွက် A-6 ကဲ့သို့ ရေအလွန်နက် သော (Ultra Deep Water) လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများသည် စွန့်စားမှုအလွန်ကြီးမားပြီး အန္တရာယ်များသောကြောင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု မဖြစ်စေရေးတို့အား အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၊ သတ်မှတ်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ဖြန့်ဖြူး နိုင်ရေး အတွက် ရည်မှန်း ဆောင်ရွက်ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် MPRL E&P Pte. Ltd., မှ Country Manager ဦးစည်သူမိုးမြင့်၊ Woodside Energy (Myanmar) Pte. Ltd., မှ Asset Manager Myanmar A-6 Ms. Rebecca Lewis နှင့် Total E&P (Myanmar) မှ General Manager Mr. Romaric Roignan တို့က စာချုပ် များအား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းလွန်လုပ်ကွက် A-6 တွင် ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့ ပမာဏသည် အချိန်တိုအတွင်း စီးပွားဖြစ် ထုတ်လုပ်၍ နိုင်ငံတော်ပြည်တွင်းသုံးစွဲနိုင်ရေး အတွက် အထူးအားထားရမည့် စီမံကိန်းဖြစ်ပြီး၊ နိုင်ငံအတွက် ပထမဦးဆုံး ရေအလွန်နက်သောဒေသ (Ultra Deep Water) ရှိ ကမ်းလွန် စီမံကိန်း ဖြစ်သောကြောင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ကဏ္ဍ အသီးသီးတွင် စီးပွားရေးတွက်ခြေကိုက်မှု အလား အလာ များဖြင့် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအား ရည်ရွယ်ပြီး ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်ရောင်းချမှု ဆိုင်ရာ ကဏ္ဍများတွင် ဘဏ္ဍာရေးဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေးအတွက် Adjustment of Production Sharing Contracts and Fiscal Terms များဆိုင်ရာ စာချုပ်များ ချုပ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားများ ဦးဆောင် သည့် MPRL E&P Pte. Ltd., သည် ကမ်းလွန်လုပ်ကွက် A-6 တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ်အား ၂၀၀၇ ခုနှစ်တွင်ချုပ်ဆို၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တိုင်းတာရေးနှင့် တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာရှိသော သဘာဝဓာတ်ငွေ့များအား တူးဖော် တွေ့ရှိခဲ့ကြောင်း၊ မိတ်ဖက် ကုမ္ပဏီများဖြစ်သော Woodside Energy (Myanmar) Pte. Ltd.,နှင့် Total E&P (Myanmar) ကုမ္ပဏီများနှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့ ပမာဏအား တွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)