Connect with us

Politics, Law & Military

နိုင်ငံ့ဝန်ထမ်းများနောင်ရေး ဗဟို ရန်ပုံငွေ (CPF) အတွက် အစိုးရက ကျပ် ဘီလီယံ ၂၄၀ စတင် ထည့်ဝင်မည်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပင်စင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

လက်ရှိ ပင်စင်စနစ်ထက် ပိုမို အားထားရပြီး ပိုမို ကောင်းမွန်သော ပင်စင် ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးခံစားခွင့်များ ရရှိစေမည့် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ(CPF:_ Central Provident Fund) စနစ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်တွင် စတင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အဆိုပါ ရန်ပုံငွေအတွက် နိုင်ငံတော် အစိုးရက ကျပ် ဘီလီယံ ၂၄၀ စတင် ထည့်ဝင်ပေးမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနပင်စင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က မီဒီယာသို့ ပြောကြားခဲ့သည်။

“လက်ရှိ နိုင်ငံ့ ဝန်ထမ်းက စုစုပေါင်း ၁ ဒသမ၂ သန်းရှိပြီး အခု CPF အတွက် ရည်ရွယ်ထားတဲ့ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းက ငါးသိန်း နီးပါး ရှိပါတယ်၊ အဲဒီ ငါးသိန်းနီးပါးနဲ့ အခု ပင်စင် စနစ်သစ်ကို စပါမယ်၊ အစိုးရဘက်က ဝန်ထမ်း ငါးသိန်းအတွက် ထည့်ဝင်ပေးရမယ့် ပမာဏ စုစုပေါင်းက အခြေခံလစာတွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ တွက်ရင် ကျပ် ၂၄၀ ဘီလီယံ ရှိပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

အဆိုပါ CPF စနစ်အရ အခြေခံ လစာ ကျပ် တစ်သိန်းရှိသော ဝန်ထမ်းသည် လစာ၏ ၅ ရာခိုင်နှုန်း ဖြစ်သော  တစ်လ ငါးထောင်ကျပ် ထည့်ဝင်ရချိန်တွင် နိုင်ငံတော်ကလည်း ထိုဝန်ထမ်းအတွက် ငါးထောင်ကျပ် ပါဝင် ထည့်သွင်းပေးမည် ဖြစ်ပြီး ထိုဝန်ထမ်း၏  သက်ဆိုင်ရာ ငွေစာရင်း (Individual Account) တွင် တစ်သောင်းကျပ် စုဆောင်းနိုင်မည်ဖြစ်ကြောင်း၊ လစဉ် စုဆောင်းငွေများကို အငြိမ်းစား ယူချိန်၌ အတိုးအပွားများ၊ အကျိုး အမြတ်များနှင့်အတူ လုပ်သက်ဆုငွေ၊ လစဉ် ပင်စင်လစာများ အဖြစ် ထုတ်ယူနိုင်မည် ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ၏ ပင်စင်စနစ်အား ယုံကြည် အားထားရ၍ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော အမျိုးသား ရန်ပုံငွေ စနစ် ပေါ်ပေါက်လာ စေရန် ရည်မှန်း၍ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်သွားရန် လိုအပ်လာကြောင်း၊ သတ်မှတ် အကျိုး ခံစားခွင့် စနစ် (Defined Benefit System) မှ သတ်မှတ် သည့် ထည့်ဝင်ကြေးစနစ် (Defined Contribution System) သို့ ကူးပြောင်းရန် ရည်ရွယ်ကြောင်း၊ အသွင်ကူးပြောင်းကာလတွင် ပင်စင် စနစ်ဟောင်းရော  စနစ်သစ်ကိုပါ တစ်ပြိုင်တည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ CPF စနစ်တွင် ပင်စင် အသုံးစရိတ်အား သီးသန့်ရန်ပုံငွေ ထားရှိပြီး အစိုးရ၏ ငွေတိုက်စာချုပ်များ ဝယ်ယူ စုဆောင်းခြင်း၊ အခြား ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ခြင်း စသည့် ငွေ အရင်း အနှီး ထည့်ဝင်သည့် လုပ်ငန်းများတွင် တိုးပွားအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံ့ ဝန်ထမ်းများ၏ စုဆောင်းမှုအား ရင်းနှီးမြှုပ်နှံမှု အဖြစ် ပြောင်းလဲ၍ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာစေရန်၊ အလုပ်အကိုင် ဖန်တီးမှုများ ဖြစ်ပေါ်လာစေရန်၊ စီးပွားရေး အဆောက် အအုံ အတွင်း ငွေကြေး လှည့်လည်မှုကောင်းမွန်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ၄င်းက ရှင်းလင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဦးစီးဌာန၊ လုပ်ငန်းဌာနနှင့် ကာကွယ်ရေး စသည့် နိုင်ငံ့ ဝန်ထမ်းများမှ ပင်စင်စား ဦးရေ စုစုပေါင်းသည် လက်ရှိ၌ ကိုးသိန်းခန့် ရှိပြီး ပင်စင်စားဦးရေသည် နှစ်စဉ် သုံးသောင်းမှ လေး သောင်းကြားအထိ တိုးမြင့်လျက်ရှိကြောင်း၊ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် စာရင်းအရ စုစုပေါင်းပင်စင် အသုံးစရိတ်မှာ ကျပ် ၁၁၁၆ ဘီလီယံ ရှိကြောင်း၊ ထိုအသုံးစရိတ်သည် နိုင်ငံ့ GDP ၏ ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ နိုင်ငံတော် အခွန်ရငွေ၏ ခြောက်ပုံ တစ်ပုံ၊ စုစုပေါင်း အသုံးစရိတ်၏ ၄ ဒသမ ၀၄ ရာခိုင် နှုန်း နီးပါး ရှိကြောင်း၊ ယခုနှစ်တွင် COVID-19 ရောဂါကြောင့် အခွန်နှုန်းထားများ လျော့ကျခြင်း၊ အချို့ စီးပွားရေး လုပ်ဆောင်ချက်များ ကျဆင်းခြင်း တို့ကြောင့် အခွန်နှင့် ပင်စင် အသုံးစရိတ်အချိုးမှာ ပိုမို များပြားလာ နိုင်ကြောင်း၊ ပင်စင်စား အင်အား နှစ်စဉ် တိုးလာခြင်း၊ ပင်စင်စားတို့၏  မျှော်မှန်း သက်တမ်း တိုးမြင့်လာခြင်း တို့ကြောင့် ပင်စင်အသုံးစရိတ်များ ပိုမိုကျခံ သုံးစွဲနေရခြင်း၊ ရန်ပုံငွေ သီးသန့်လျာထား ဆောင်ရွက်ခြင်း မရှိသည့်အတွက် ရေရှည်တွင် တည်တံ့ ခိုင်မြဲသည့် ပင်စင်စနစ် မဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်၏ ဘတ်ဂျက်၌ ဝန်ထုပ်ဝန်ပိုး အနေဖြင့် ဖြစ်ပေါ်နေခြင်း၊ ထိုသို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ပင်စင်လစာများ ပေးအပ်နိုင်ရန် ရန်ပုံငွေ တိုးတက်စေရေး ရှာဖွေသည့် အဖွဲ့အစည်း အဖြစ် CPF ကို ထူထောင်ခြင်း ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်။

CPF အဖွဲ့ဝင် ဝန်ထမ်း တစ်ဦးအနေဖြင့် ပင်စင်မယူမီ အချိန်မှာပင် ၎င်း၏ လိုအပ်ချက်များ အတွက် သင့်လျော်သည့် ချေးငွေ အမျိုးအစား၊ ဝန်ဆောင်မှု Package များ ကမ်းလှမ်းရရှိနိုင်သဖြင့် မိသားစု လိုအပ်ချက်များအတွက် ထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ ပင်စင်ယူပြီး နောက်ပိုင်းတွင်လည်း ဘဝနောင်ရေး စိတ်အေးစွာ အထောက်အပံ့ဖြစ်စေမည့် မျှတသော ပင်စင် အကျိုးခံစားခွင့်များကို ရရှိစေကာ အငြိမ်းစား လူနေမှု စနစ်သို့ ကူးပြောင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအား အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း၊ အခြေခံ လစာ၏ ထည့်ဝင်ကြေး နှုန်းထား သတ်မှတ်ရာတွင် လက်ရှိ လျာထားချက် ၅ ရာခိုင်နှုန်းအစား  အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူချက်ဖြင့် ပြောင်းလဲ သတ်မှတ်ခွင့် ရှိကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ (CPF:_ Central Provident Fund) ကို စီမံခန့်ခွဲရာတွင် ဒါရိုက်တာအဖွဲ့ (Fund Bureau or Fund Board) ကို အစိုးရ ကိုယ်စားလှယ်၊ ဝန်ထမ်း ကိုယ်စားလှယ်၊ ပြင်ပ ပညာရှင် တို့ဖြင့် အချိုးကျ ဖွဲ့စည်းကာ နည်းပညာပိုင်းဆိုင်ရာ သီးခြားလွတ်လပ်သော အဖွဲ့အစည်း အဖြစ် ထားရှိ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)