Connect with us

Social

ပန်းဆိုးတန်း-ဒလ သင်္ဘောပြေးဆွဲမှု ၃၈ ခေါက်အထိ တိုးမြှင့်ပြေးဆွဲပေး

ပန်းဆိုးတန်း-ဒလ သို့ ပြေးဆွဲနေသည့် ရေယာဉ်တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောစီး ခရီးသည်များ ပြန်လည်မြင့်တက်လာသဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စ၍ နေ့စဉ် အခေါက်ရေ ၃၈ခေါက်အထိတိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက်တွင်ပြောကြား သည်။

“COVID-19 ရောဂါမဖြစ်ပွားခင်က ကျွန်တော်တို့ တစ်နေ့ကို ၄၆ ခေါက်ဆွဲတယ်။ သင်္ဘော ၂စီး နဲ့ ပြေးဆွဲတာပါ။ ဧပြီလ ကစပြီး ခရီးသည်တွေနည်းသွားတဲ့အတွက် ခရီးစဉ်ကို လျှော့ပြေးတာ။ ခရီးသည်တွေ ရှိလာပြီ ဆိုရင် ခေါက်ရေလေး နည်းနည်းချင်းချင်း တိုးပြေးဆွဲခဲ့တာ ဇန်နဝါရီ ၁၁ ရက်ကစပြီး ၃၈ ခေါက်အထိ တိုးချဲ့ပြေးဆွဲပေးနေပါတယ်။ အစိုးရ ရုံးပိတ်ရက်မှာ ၂၂ ခေါက် ပြေးဆွဲပါတယ်’’ ဟု ၎င်းကဆိုသည်။

COVID-19 မတိုင်မီ နေ့စဉ် ခရီးသည် ၂၆,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ COVID-19 ကြောင့် တဖြည်းဖြည်းကျဆင်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ COVID-19 ကြောင့် အခေါက်ရေ ၂၀ အထိ လျှော့ချပြေးခဲ့တယ်။ တစ်ခါတိုးရင် ၄ ခေါက်၊ ၄ ခေါက်တိုးပြေးတာ အခုတော့ ၃၈ ခေါက်အထိ ပြေးဆွဲပေးတယ်။ ခရီးသည် အခြေအနေက များလာတယ်ဆိုပေမယ့် နဂိုအခြေအနေ မရောက်သေးပါဘူး’’ ဟု ၎င်းကဆက်ပြောသည်။

သင်္ဘောစီးနင်းမှုအပိုင်းတွင် Social Distancing ကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ထိုင်ခုံများကိုတစ်ယောက်ခြားစနစ်ဖြင့် စီစဉ်ပေးထားကြောင်း၊ ထို့ပြင် ပန်းဆိုးတန်းဆိပ်ကမ်း နှင့် ဒလဆိပ်ကမ်းတို့တွင် လက်ဆေးဘေစင်များလည်း ထားရှိပေးထားကြောင်း ၎င်းက ဆိုသည်။ (Xinhua)