Connect with us

Social

မြန်မာနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတား ငလိုက်ဆင်စခန်းတွင် တည်ဆောက်လျက်ရှိ

ငလိုက် ဆင်စခန်းတွင် ပေ ၄, ၈၀၀ ကျော် ရှည်လျားသည့် သစ်သားတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)ရေးသားသူ / စိုးသန်းလင်း

မြန်မာနိုင်ငံတွင် အရှည်ဆုံး သစ်သားတံတား ဖြစ်လာမည့် ပေ ၄,၈၀၀ ကျော် တောတွင်း ဖြတ် လျှောက်လမ်း တံတားကို ငလိုက် ဆင်စခန်း၌ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း နှင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ သစ်လုပ်ငန်း၊ နေပြည်တော်၊ ငလိုက်ဆင်စခန်း၏ စခန်း တာဝန်ခံ၊ လက်ထောက် မန်နေဂျာ ဦးညီညီအောင်က ဆင်ဟွာကို ယနေ့ နေ့လယ်ပိုင်း၌ ဖြေကြားခဲ့သည်။

“၅၇၃ ဧက ကျယ်ဝန်းတဲ့ ငလိုက် ဆင်စခန်းထဲက ထင်းရှူးတော စိုက်ခင်း၊ သက်ကြီး ကျွန်း စိုက်ခင်းနဲ့ ပိတောက်စိုက်ခင်းတွေကို လမ်းလျှောက်ပြီး လေ့လာလို့ရအောင် ဆောက်လုပ်ထားတဲ့ တံတားပါ၊ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူရဲ့ လမ်းညွှန်မှုအရ သဘာ၀ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တည်ဆောက်တာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

ငလိုက် ဆင်စခန်းတွင် ပေ ၄, ၈၀၀ ကျော် ရှည်လျားသည့် သစ်သားတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆင်စခန်း၌ ဆင်များအား လေ့ကျင့်ပေးနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆင်စခန်း၌ ဆင်များအား လေ့ကျင့်ပေးနေစဉ်(ဆင်ဟွာ)

အဆိုပါ သစ်သားတံတားသည် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ရန်ကုန်-မန ္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၁၇ မိုင် အနီးရှိ ငလိုက် ဆင်စခန်း၏ ထင်းရှူးတော ရွက်အုပ်ဖြတ်လမ်း (canopy) တံတား အဆုံးမှ ငလိုက်ချောင်း ဆင်စခန်း ကမ်းခြေ စားသောက်ဆိုင်အထိ တည်ဆောက်ထား ခြင်း ဖြစ်ပြီး ဝန်ကြီးဌာန၏ ခွင့်ပြု ဘတ်ဂျက်ငွေ ကျပ် သိန်း လေးထောင်ကျော်ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်တွင် စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ရပ်ဝေး ရပ်နီးမှ ဧည့်သည်များ လာရောက် အပန်းဖြေရာ ငလိုက် ဆင်စခန်းအား COVID-19 ရောဂါ ဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ယာယီ ပိတ်ထားရသောကြောင့် ယခင်က ကဲ့သို့ တောတွင်း ခရီးတို ဆင်စီးခြင်း၊ ဆင် အက အလှပြခြင်းများ ရပ်နားထားကြောင်း၊ သို့ရာ တွင် ပြန်လည် ဖွင့်လှစ်သည့် အချိန်တွင် အသင့် ဖြစ်နေစေရန် စခန်းရှိ ဆင် ၁၉ ကောင်တို့အား ပုံမှန် လေ့ကျင့်ပေးမှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အပန်းဖြေစခန်းများ ပိတ်ထားရချိန်ဖြစ်၍ ဆင်အစာအတွက် အလှူရှင် နည်းပါးသောကြောင့် ဆင်များအား ဆင်စခန်း သဘာ၀ တောအုပ် အတွင်း လွှတ်ကျောင်းထားပြီး ညနေစောင်းမှ ပြန်ကောက်ရကြောင်း၊ ဆင် ၁၉ ကောင် အတွက် ဘူဖေး တစ်နပ်စာ ကျပ် ခုနစ်သောင်း ကျသင့်ပြီး ဖြည့်စွက်စာ အတွက် တစ်နပ်လျှင် ကျပ် သုံးသောင်း ကျသင့်ကြောင်း၊ ဆင်အကများ ပါဝင်မည့် သစ်သား တံတားသစ် ဖွင့်လှစ်ခြင်းကို COVID-19 ရောဂါ ကာကွယ်ရေး အစီအစဉ်အရ အကျဉ်းချုံး ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)