Connect with us

Social

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းရှိ ရေဆိုးပိုက်များတွင် ရေဆိုးသန့်စင်စက်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးကျင်းပနေစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်း (၆)မြို့နယ်တွင် လမ်းမကြီးနှင့် နောက်ဖေးလမ်းကြားများရှိ ရေဆိုးပိုက်များတွင် ရေဆိုးသန့်စင်စက်အသစ်များ အမြန်ဆုံး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန် အစည်းအဝေး(၁၃)ရက် မြောက်နေ့ အစီအစဉ်ကို မတ်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အနာဂတ်ကာလတွင် ဇုန်စနစ်ဖြင့် မိလ္လာစွန့်ပစ်မှုလုပ်ငန်းများကို မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် “ရန်ကုန်မြို့ Downtown(၆) မြို့နယ်အတွင်းမှာ ရေဆိုးပိုက်များကို လမ်းမကြီးတွေနဲ့ နောက်ဖေးလမ်းကြားတွေမှာ ရေဆိုးသန့်စင်စက်အသစ် တည်ဆောက်နိုင်ဖို့အတွက်လည်း အသေးစိတ်လေ့လာဆန်းစစ်နိူင်အောင် ဂျပန်နိုင်ငံ Sumitomo Company နဲ့ (၂၆.၇.၂၀၁၇)ရက်နေ့မှာ MoU လက်မှတ်ရေးထိုးခဲ့ပါတယ်။ လုပ်ငန်းကိုလဲ လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါကြောင်း ပြောကြားလိုပါတယ်။ ကိုယ်ပိုင်အဆောက်အဦတွေက မိလ္လာပိုက်ပေါက်တာနဲ့ မိလ္လာလက်ခံကန်တွေ ပြည့်လျှံတာတွေ ဖြစ်ပေါ်ပါက သက်ဆိုင်ရာအဆောက်အဦတွေမှာ နေထိုင်သူများ တာဝန်ယူပြင်ဆင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကနေ စစ်ဆေးအကြောင်းကြား ပြုပြင်စေခြင်းကို ဆောင်ရွက်နေရပါတယ်။ အခုတိုးတက်လာတဲ့ လူဦးရေနဲ့အညီ ကျနော်တို့ ၂၀၄၀ Master Plan အရ တိုးလာမဲ့ လူဦးရေအတွက် လျာထားပြီးတော့ JICA နဲ့ ပူးပေါင်း၍ ရေဆိုးသန့်စင်တဲ့စက်ရုံ နဲ့ ရေဆိုးသယ်ပိုက်စက်ရုံ များကို ဇုန်အလိုက် ဆောင်ရွက်နိုင်ဖို့အတွက် Master Planကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွက် ဇုန်(၁၃) ဇုန် ခွဲခြားထားပြီးတော့ ဇုန်(၆)ဇုန် ကို ၂၀၄၀ မှာ မြို့တွင်း(၆)မြို့နယ်အတွက် လိုအပ်တဲ့ ရေဆိုးပိုက်တွေကို လမ်းမကြီးနဲ့ နောက်ဖေးလမ်းကြားတွေမှာ အသစ်ချထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေဆိုးသန့်တဲ့စက်ရုံကို တိုးချဲ့ဆောက်ပေးဖို့ အတွက် ပထမဦးစားပေးဆောင်ရွက်ဖို့ လျာထားပါတယ်။ ဒီဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံခြားမှ ပညာရှင်အဖွဲ့တွေနဲ့ ငွေကြေးအကူအညီ ရရှိဖို့ နည်းပညာအကူအညီ ရရှိဖို့အတွက် ညှိနှိုင်းဆွေနွေးခဲ့ပြီး ထိုသို့မဆောင်ရွက်နိုင်သေးတဲ့ ကာလအတွင်းမှာ လက်ရှိစနစ်ဟောင်းကိုလဲ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေရတာဖြစ်ပါတယ်။ ’’ဟု ဖြေကြားသည်။

ရန်ကုန်မြို့တွင်း Downtown(၆) မြို့နယ်ဖြစ်သော ဗိုလ်တစ်ထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ် တို့တွင် မိလ္လာစွန့်ပစ်သည့် စနစ်ကို ၁၈၈၈ ခုနှစ်က စတင်ခဲ့ပြီး ထိုစနစ်ကိုသာ ပြုပြင်ကာ လှည့်ပတ်အသုံးပြုနေရခြင်း ဖြစ်ပြီး ၊ မိလ္လာကန်စနစ်မှာ မြေဆွဲအားသုံး မိလ္လာပိုက်၊ လေဖိအားသုံး မိလ္လာပြွန်မကြီး၊ မိလ္လာတွန်းစက် (၃၅)လုံးနှင့် လေမှုတ်စက်ရုံ(၂)ရုံကို အသုံးပြုပြီး ရေဆိုးသန့်စင် စက်ရုံတွင် သန့်စင်၍ အရည်ကြည်များကို မြစ်အတွင်း စွန့်ပစ်ရသည့် စနစ်ဖြစ်ကြောင်း၊ မိလ္လာကန် စနစ်မှာ မူလက လူဦးရေ (၄၀၀၀၀) အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ လူဦးရေ (၄၀၀၀၀) အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည့် စနစ်က Downtown မြို့နယ် အထပ်မြင့်အဆောက်အဦများတွင် တိုးပွားလာသည်နှင့် အညီ နေထိုင်သည့် လူဦးရေလည်း များပြားလာပြီးနောက် အမှိုက်များ ဝင်ရောက်ပိတ်ဆို့ခြင်း၊ လျှံကျခြင်းများ ဖြစ်ပေါ်နေပြီး၊ မိလ္လာပြွန်စနစ်မှာ နှစ်ပေါင်း(၁၃၀) ကြာမြင့်နေပြီ ဖြစ်သည့် အတွက်ကြောင့် မိလ္လာလူဝင်ကျင်းများ နိမ့်ဆင်းသည်နှင့် တချို့နေရာများတွင် အုတ်နံရံများ ပြိုကျနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် လမ်းမပေါ်နှင့် လမ်းသွယ်များတွင် မိလ္လာလူဝင်ကျင်း Frame များနှင့် အဖုံးများလဲလှယ်ခြင်း၊ နောက်ဖေးလမ်းကြားများတွင် ၆ လက်မ မိလ္လာလိုင်းများနှင့် မိလ္လာလူဝင်ကျင်းများကို လူအားနှင့် ရှင်းလင်းခြင်း၊ အနည်ဖတ်များ ဆယ်ယူခြင်း၊ နောက်ဖေးလမ်းကြား မိလ္လာလူဝင်ကျင်းများကို အမြင့် ၁ ပေ ၆လက်မထိ ပြုပြင် မြှင့်တင်ခြင်း၊ မိလ္လာတွန်းစက်အိုးများကို ပြုပြင်ထိန်းသိမ်းရခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို ဌာနများနှင့် ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

“လေဖိအားနည်းစနစ်ဖြစ်တဲ့ အတွက်ကြောင့် လေဖိအားမရရှိသော မိလ္လာတွန်းစက်နေရာတွေမှာ မိလ္လာစက်တွေ မောင်းနိုင်ဖို့အတွက်လည်း Air Compressor Station (၈)ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ စနစ်ဟောင်းစက်မှုစနစ်နဲ့ စနစ်သစ်လျှပ်စစ်စနစ် ပူးတွဲဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းစွမ်းဆောင်ရည် အနည်းငယ်တိုးတက်လာတာ တွေ့ရပါတယ်။ အခုချိန်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့တော် အစိုးရက လှူဒါန်းတဲ့ ခေတ်မီစက်သစ်များဖြစ်သည့် High Pressure Washing Machine ဖြင့် မိလ္လာပိုက်လိုင်းစစ်ဆေးခြင်း၊ Inspection Camera CCTVတို့ဖြင့် ပိုက်လိုင်းစစ်ဆေးခြင်းတို့ကို အခါအားလျော်စွာ ပူးတွဲဆောင်ရွက်ပေးလျက်ရှိပါတယ်။’’ဟု ဆက်လက် ပြောသည်။

ရန်ကုန်မြို့တွင်း( ၆) မြို့နယ်အတွင်းတွင် ရှိသည့် နောက်ဖေးလမ်းကြားပေါင်း(၁၇၅) ခု၊ မိလ္လာတွန်းစက် (၃၅)ခု၊ မိလ္လာကန် (၂၀၁၄) ကန်၊ မိလ္လာပိုက်လိုင်းအရှည် (၁၅၇၀၀၀)ပေခန့် ရှိရာ နှစ်စဉ်နှစ်တိုင်း လူအင်အားနှင့် လိုင်းရှင်း၊ အနည်ဆယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည် လုပ်ငန်းများကို ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ နှစ်ပေါင်း(၇)နှစ်အတွင်း မဖြစ်မနေ ပြုပြင်ဆောင်ရွက်ရမည့် နောက်ဖေးလမ်းကြား (၁၀၂) ခုမှာ မိလ္လာပြွန်ပေ အရှည် (၆၄၁၃၅)နှင့် မိလ္လာကန် (၈၄၁) ကန်တို့ကို လူအားနှင့် လိုင်းရှင်း အနည်ဆယ်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိသုံးစွဲနေသည့် မိလ္လာပြွန်စနစ်မှာ မိလ္လာတွန်းစက်များ၏ အစိတ်အပိုင်းအချို့ကို ပြည်တွင်းပစ္စည်းများနှင့် လဲလှယ် ပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ နှစ်စဉ်ဆောင်ရွက် နေပြီး မိလ္လာတွန်းစက်ကြီးတစ်ခုမှ မိလ္လာတွင်းပို့ စက်(၂)လုံးအတွက် (၁) လုံးကို မူလစက်မှုစနစ်မှ လျှပ်စစ်စနစ်သို့ ပြောင်းလဲတပ်ဆင်ပြီးသည့် စက်စုစုပေါင်း စက်(၁၃)လုံးကို ဆောင်ရွက်ပေးနိုင်သည့် အတွက်ကြောင့် မိလ္လာတွန်းစက်များကို အလှည့်ကျ အသုံးပြုလာနိုင်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆက်လက် ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.