Connect with us

Social

ရိုးသားစွာနေထိုင်နေသည့် မြန်မာအမျိုးသမီးအား နာကျင်အောင် မပြုလုပ်ပါရန် RFA ၏ လူကုန်ကူးမှုနှင့်ပတ်သက်သော သတင်းဖော်ပြချက်အပေါ် အကြောင်းပြန်ခြင်း

ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် “Myanmar woman’s rural life in China” ဗီဒီယိုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန အနေဖြင့် လတ်တလောရက်ပိုင်းအတွင်း “Myanmar woman’s rural life in China” ဟူသည့် ခေါင်းစဉ်ဖြင့် ဗီဒီယိုသတင်းတစ်ပုဒ်ဖော်ပြခဲ့ပြီး ဗီဒီယိုတွင် မြန်မာအမျိုးသမီးတစ်ဦး၏  ရှုထောင့်ဖြင့် တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အပေါ် အမြင်အား ရိုက်ကူးတင်ဆက်ခဲ့ပါသည်။

ယင်းအမျိုးသမီး၏ ဘဝကိုကြိုးပမ်းအားထုတ်စွာနေထိုင်ခဲ့ခြင်းက စိတ်ကြည်နူးဖွယ်ရာကောင်းပြီး ဗီဒီယိုအား ကြည့်ရှုခဲ့သည့် အွန်လိုင်းမှ ပရိသတ်တို့က သူမသည် လွန်စွာကြိုးပမ်းအားထုတ်ကြောင်း ၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိအောင်နေထိုင်တတ်ပြီး သင်ယူနိုင်စွမ်းလွန်စွာ ကောင်းမွန်ကြောင်း ၊ စိတ်နှလုံးသားကောင်းမွန်ကြောင်း ၊ ကျေးဇူးသိတတ်ကြောင်း ၊ ဘဝသည်မလွယ်ကူဘဲ သူမအတွက်အကောင်းဆုံးသော ဆုမွန်ကောင်းများတောင်းပေးကြောင်း စသည်တို့ကို မှတ်ချက်ပြုခဲ့ကြသည်။ သူမသည် မြန်မာအမျိုးသမီးတစ်ဦး၏ ကောင်းမွန်သော အရည်အသွေးတို့ကို ပေါ်လွင်စေခဲ့သည်။ သို့သော်မထင်မှတ်ထားသည်မှာ ယင်းကဲ့သို့သော သတင်းဖော်ပြမှုအပေါ် အချို့သောမီဒီယာနှင့် အချို့သောသူတို့၏ မကောင်းမွန်သည့်မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့မှုကြောင့် ယင်းအမျိုးသမီး၏ ဂုဏ်သိက္ခာအပေါ် ထိခိုက်မှုဖြစ်စေခဲ့ကာ ဆင်ဟွာသတင်းဌာန အနေဖြင့် ယင်းအပေါ် လွန်စွာ ဝမ်းနည်း မိပါသည်။

ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် “Myanmar woman’s rural life in China” ဗီဒီယိုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအစိုးရဌာနဖြစ်သည့် အမေရိကန်နိုင်ငံ နိုင်ငံတကာသတင်းမီဒီယာဌာန လက်အောက်ရှိ လွတ်လပ်တဲ့အာရှအသံ (RFA) အနေဖြင့် သတင်းဖော်ပြရာတွင် အဆိုပါအမျိုးသမီး၏ ရုပ်ပုံအား အကြိမ်ကြိမ်အသုံးပြုခဲ့ပြီး သူမအနေဖြင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရ၍ တရုတ်နိုင်ငံသား၏ ဇနီးဖြစ်ခဲ့ရသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်အောင်ရေးသားဖော်ပြခဲ့ပါသည်။ RFA အနေဖြင့် မည်သည့်သက်သေအထောက်အထားမှ မရှိသည့် အခြေအနေအောက်တွင် မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည့် မာရှောင်ယွဲအပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြီးမားသည့် စော်ကားမှုတစ်ရပ်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မည်သည့်အချိန်မှ လူကုန်ကူးမှုဟူသည့်ပြဿနာ တည်ရှိနေခြင်းအပေါ် ငြင်းဆိုခြင်းမရှိခဲ့သော်လည်း ယင်းပြဿနာတည်ရှိနေခြင်းကြောင့် မြန်မာအမျိုးသမီးဖြစ်သည့် မာရှောင်ယွဲ က တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည်ဟူ၍ သတ်မှတ်၍မရပါ။

ထို့ပြင် မာရှောင်ယွဲ ၏ မိမိ လက်ရှိနေထိုင်သွားလာရာပတ်ဝန်းကျင်အခြေအနေ အပေါ် ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးခြင်းသည် သူမအပေါ် လွန်စွာမတရားရာရောက်ပါသည်။ မာရှောင်ယွဲ အမျိုးသမီး၏ လက်ရှိလူနေမှုဘဝမှာ လွန်စွာတည်ငြိမ်အေးချမ်းပြီးပျော်ရွှင်ဖွယ်ရာကောင်းကာ ယင်းမှာသူမ၏ ကြိုးပမ်းမှုကြောင့်ရရှိခဲ့ခြင်းဖြစ် ပါသည်။ မိမိတို့အနေဖြင့် သူမ၏မလွယ်ကူစွာရရှိခဲ့သော ပျော်ရွှင်ဖွယ်ရာလူနေမှုဘဝက မီဒီယာတစ်ခု ၏ ရည်ရွယ်ချက်ရှိသော ဖော်ပြမှုကြောင့်ပျက်စီးသွားမည်ကို မလိုလားပါ။
မာရှောင်ယွဲ သည် ၂၀၀၇ ခုနှစ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ၌ အလုပ်လုပ်ကိုင်နေသည့် ကောင်းပေါင်ဟုန် နှင့် သိရှိခဲ့ပြီး မကြာမီ ၎င်းတို့နှစ်ဦးသည် ချစ်သူရည်းစားဘဝသို့ ရောက်ရှိခဲ့ပါသည်။ နောက်ပိုင်းတွင် သူမအနေဖြင့် ကောင်းပေါင်ဟုန် နှင့် အတူတကွ ၎င်း၏ ဇာတိဖြစ်သည့် ချိယွမ် သို့ လိုက်သွားခဲ့ပြီး လက်ထပ်ကြောင်း မှတ်ပုံတင်ခဲ့ကာ တရားဝင် လင်မယား အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် “Myanmar woman’s rural life in China” ဗီဒီယိုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
အွန်လိုင်းရှိ ပရိသတ်များက ဗီဒီယိုမှတဆင့် မြန်မာအမျိုးသမီး၏ ကောင်းမွန်သည့် အရည်အချင်းကို တွေ့ရှိခဲ့ရသော်လည်း အချို့သောသူများက လူကုန်ကူးမှု ပြဿနာကို မဆိုင်ဆိုင်ရာ ရောထွေးလာအောင် လုပ်ခဲ့ပါသည်။  ဆင်ဟွာသတင်းဌာန အနေဖြင့် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ရှောင်ရှားနေမည် မဟုတ်ပါ။ လူကုန်ကူးမှုသည် အများလက်ခံထားသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်သူဟု မိမိကိုယ်ကိုခံယူထားသော အမေရိကန်နိုင်ငံတွင်လည်း ယင်းပြဿနာ တည်ရှိနေပါသည်။ လက်တွေ့တွင် သတင်းဖော်ပြချက်အများအရ အမေရိကန် နိုင်ငံတွင် ၂၀၀၀ ခုနှစ်ရောက်ချိန်မှ လူကုန်ကူးမှုအား ပြစ်မှုတစ်ရပ်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ လူကုန်ကူးမှုဆိုင်ရာ စာရင်းပြုစုချက်အရ အမေရိကန်နိုင်ငံ ပြည်နယ် ၅၀ ၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် နှစ်စဉ် လူပေါင်း ၁၄,၀၀၀ မှ ၁၇,၅၀၀ ဦး ခန့် အမေရိကန်နိုင်ငံသို့ လူကုန်ကူးခံရပြီး အလုပ်ကြမ်းနှင့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု ပြုလုပ်စေခဲ့ကာ လူကုန်ကူးခံရသူအများစုမှာ အမျိုးသမီး နှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။ ထို့ပြင် အမေရိကန်နိုင်ငံအစိုးရ က မြန်မာနိုင်ငံ ရခိုင်အရေး ဖြေရှင်းပုံနှင့်ပတ်သက်၍ အကြိမ်ကြိမ်ဝေဖန်မှုများပြုလုပ်ခဲ့သည်။

သို့သော် အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ထပ်မံ၍ အမေရိကန်နိုင်ငံ အား ဆောင်ရွက်မှု အကောင်းဆုံးနိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံများအား ဆောင်ရွက်မှုအဆိုးရွားဆုံးအဆင့်အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စသည့်နိုင်ငံများ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးအပေါ် ကြိုးပမ်းအားထုတ်မှုအား မျက်ကွယ်ပြုခဲ့သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယခုနှစ်ဇူလိုင်လတွင် အမေရိကန်နိုင်ငံ ၏ လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာက မြန်မာနိုင်ငံ၏လူကုန်ကူးမှုဆိုင်ရာတိုးတက်မှုအပေါ် မှန်ကန်စွာဖော်ပြနိုင်ခြင်း မရှိကြောင်းနှင့် အမေရိကန်နိုင်ငံ အနေဖြင့် အနာဂတ်၌ အစီရင်ခံစာ ထုတ်ပြန်ရာတွင် မှန်ကန်သည့်အမြင်ဖြင့် ဘက်မလိုက်မှုကိုအခြေခံ ထုတ်ပြန်သွားရန် ထုတ်ပြန်ကြေညာခဲ့သည်။

ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် “Myanmar woman’s rural life in China” ဗီဒီယိုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့က ကာလတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရန် ဦးဆောင်ခဲ့ကြသည်။ လတ်တလောနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံနှင့်ပြည်ပရှိ ဒုစရိုက်သမားများက အပြန်အလှန်ချိတ်ဆက်ခဲ့ကြပြီး အလုပ်ပေးခြင်း ၊ ခရီးသွားခြင်း နှင့် အိမ်ထောင်ပြုခြင်း စသည့် အကြောင်းအရာများဖြင့် အိမ်နီးချင်းနိုင်ငံရှိ အမျိုးသမီးများအား လိမ်ညာ၍ တရုတ်နိုင်ငံသို့ အိမ်ထောင်ပြုရန်လူကုန်ကူးခဲ့သည်။ ယင်းကဲ့သို့ဆောင်ရွက်မှုက အမျိုးသမီးများ၏ တရားဝင်အခွင့်အရေးကိုချိုးဖောက်ရာရောက်သည့်အပြင် တရားမဝင်နိုင်ငံဖြတ်ကျော်မှု ၊ တရားမဝင်အိမ်ထောင်ပြုမှု နှင့် လိမ်ညာအိမ်ထောင်ပြုမှုစသည့် တရားဥပဒေချိုးဖောက်မှု တို့ကိုလည်း ဖြစ်ပွားစေခဲ့သည်။

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် စသည့် နိုင်ငံ ၅ နိုင်ငံ နှင့် အတူပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ရှင်းလင်းတင်ပြပေးခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြား ၅ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွင်း လူကုန်ကူးမှုဆိုင်ရာပြစ်မှုပေါင်း ၆၃၄ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူပေါင်း ၁,၁၃၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးခံရသူများအနက် တရုတ်နိုင်ငံသားက ၁၅၃ ဦး ဖြစ်ပြီး အမျိုးသမီး ၁,၁၃၀ ဦး နှင့် ကလေးငယ် ၁၇ ဦး ကို ကယ်တင်နိုင်ခဲ့သည်။ အသေးစိတ်အနေဖြင့် ဗီယက်နမ် အမျိုးသမီးများအား လူကုန်ကူးသည့် အမှုပေါင်း ၂၀၆ မှု ကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၄၁၉ ဦး ဖမ်းဆီးခဲ့သည်။ ဗီယက်နမ်အမျိုးသမီး ၄၄၆ ဦး နှင့် ကလေးငယ် ၁၂ ဦး ကို ကယ်တင်နိုင်ခဲ့သည်။ ကမ္ဘောဒီးယား အမျိုးသမီးများအား လူကုန်ကူးသည့် အမှု ၃၆၁ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၅၁၆ ဦးကို ဖမ်းဆီးခဲ့သည်။ကမ္ဘောဒီးယား အမျိုးသမီး ၄၄၀ ဦး နှင့် ကလေးငယ် ၂ ဦး ကို ကယ်တင်နိုင်ခဲ့သည်။ မြန်မာအမျိုးသမီး လူကုန်ကူးခံရသည့်အမှု ၅၃ မှု ကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၁၇၂ ဦး ကို ဖမ်းဆီးနိုင်ခဲ့သည်။ မြန်မာအမျိုးသမီး ၁၉၁ ဦး နှင့် ကလေးငယ် ၃ ဦး ကို ကယ်တင်နိုင်ခဲ့သည်။ လာအိုအမျိုးသမီး လူကုန်ကူးခံရမှု ၁၀ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ လာအိုအမျိုးသမီး ၄၁ ဦး အား ကယ်တင်နိုင်ခဲ့သည်။

ထိုင်းအမျိုးသမီးလူကုန်ကူးခံရမှု ၄ မှု ကိုဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ ထိုင်းအမျိုးသမီး ၁၂ ဦး ကို ကယ်တင်နိုင်ခဲ့သည်။ အိမ်ထောင်ပြုခြင်းဆိုင်ရာ လိမ်လည်မှု ၁၂၆ မှု ကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၂၀၂ ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့အနက် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသားမှာ ၁၀၉ ဦး ဖြစ်သည်။ အသေးစိတ်အနေဖြင့် ဗီယက်နမ် အမျိုးသမီး အိမ်ထောင်ပြုခြင်းဆိုင်ရာ လိမ်လည်မှု ၁၀၆ မှု ရှိခဲ့ပြီး သံသယရှိသူ ၁၄၈ ဦး ကို ဖမ်းဆီးခဲ့သည်။ မြန်မာအမျိုးသမီး အိမ်ထောင်ပြုခြင်းဆိုင်ရာ လိမ်လည်မှု ၁၅ မှု ရှိခဲ့ပြီး သံသယရှိသူ ၃၉ ဦးကို ဖမ်းဆီးခဲ့သည်။ ကမ္ဘောဒီယား အမျိုးသမီး အိမ်ထောင်ပြုခြင်းဆိုင်ရာ လိမ်လည်မှု ၅ မှု ရှိခဲ့ပြီး သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။  (Xinhua)