Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးနင်းသူဦးရေ ၁ လ ကျော်အတွင်း ၁၁ သိန်းကျော်အထိကျဆင်းလာ

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးနင်းသူဦးရေသည် သြဂုတ် ၂၁ ရက် တွင် ၁၂ သိန်းကျော်ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် YBS စီးနင်းသူ ခုနစ်သောင်းကျော်သာ   ရှိတော့ကြောင်း၊  တစ်လကျော်အတွင်း စီးနင်းသူဦးရေ ၁၁ သိန်းကျော် ကျဆင်းခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး    ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက် တွင်ပြောသည်။

“သြဂုတ် ၂၁ ရက် နောက်ပိုင်း ကစပြီး စီးနင်းသူက ဆက်တိုက် ကျဆင်းခဲ့တာ။ Stay at Home လုပ်လိုက်တဲ့ အချိန်၊ နယ်ကျော်ခွင့်တွေလည်း မရှိတော့တဲ့အချိန် ဆက်တိုက်ကျတာ အခုဆို YBS စီးနင်းသူ ၇၀,၀၀၀ ကျော်ပဲရှိတော့တယ်။ အလုပ်ပိတ်ရက်တွေဆိုပိုနည်းနိုင်တယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

YBS စီးနင်းသူ ဦးရေ တအိအိဖြင့် ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာ ၂၃ ရက်တွင် စီးနင်းသူဦးရေ ၂၄၁,၀၈၇ ဦးရှိခဲ့ကြောင်းနှင့် ဆက်တိုက်စီးနင်းသူလျော့ကျလျက်ရှိကြောင်း သိရသည်။

YBS စီးနင်းသူလျော့ကျခဲ့သောကြောင့် YBS ယာဉ်လိုင်းများအရှုံးပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် YRTA အနေဖြင့် CNG ဈေးနှုန်းလျှော့ချပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့တင်ပြထားကြောင်း ဆိုသည်။

COVID-19  ရောဂါ မဖြစ်ပွားမီ ကာလဖြစ်သော ဖေဖော်ဝါရီလအထိ    ဘတ်စ်ကားတစ်စီးလျှင်   ပျမ်းမျှ လူဦးရေ  ၅၅၀ ခန့် တင်ဆောင်ပြေးဆွဲ ခဲ့ရာမှ  မတ်လမှစတင်ကာ  ခရီးသည် ဦးရေကျဆင်းခဲ့ပြီး ဇွန်လနှင့်  ဇူလိုင် လတို့တွင် ခရီးသွားဦးရေအနည်းငယ်       ပြန်လည်တိုးတက်ခဲ့ကာ    ဩဂုတ်လ ကုန်ပိုင်းတွင်     ပြန်လည်ကျဆင်း ခဲ့၍   ယခု    စက်တင်ဘာလ နှင့် အောက်တိုဘာလဆန်းတွင် ကားတစ်စီးလျှင်   တစ်နေ့   ပျမ်းမျှ လူဦးရေ ၁၅၀ ခန့်သာ စီးနင်းတော့ ကြောင်း သိရသည်။

ယာဉ်လိုင်းများ    အနေဖြင့် လုပ်ငန်းလည်ပတ်ရာတွင် CNG အသုံးစရိတ်များ၊ ယာဉ်မောင်း များ၏  နေ့စဉ်     လုပ်အားခများ၊ ဝန်ထမ်းစရိတ်များ၊  မော်တော်ယာဉ် ပြုပြင်စရိတ်များပါ     ထည့်သွင်း တွက်ချက်ရကြောင်း    သိရသည်။ ခရီးသည်တင် YBS ယာဉ်တစ်စီး၏ တစ်နေ့သုံးစွဲရသည့် CNG စရိတ်မှာ ကျပ်သုံးသောင်းဝန်းကျင် ခန့် ကုန်ကျကြောင်း   သိရသည်။

အောက်တိုဘာ ၁  ရက်နေ့တွင် YBS ပြေးဆွဲလမ်းကြောင်း (၁၀၇) လိုင်းမှ မော်တော်ယာဉ်စီးရေ (၉၇၅) စီးဖြင့် ခရီးသည် ၇၈,၀၀၀ ကျော်အား သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)