Sport
အောင်လအန်ဆန် ပထမအချီတွင်ပင် ရှုံးနိမ့်ပြီး ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်စွန့်လွှတ်ရ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
မြန်မာ့ စပါးအုံးခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ယှဉ်ပြိုင်ထိုး သတ်ပွဲကို အောက်တိုဘာ လ ၃၀ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ အောင်လအန်ဆန် မှာ ပထမအချီစ၍ မကြာမီမှာပင် ပြိုင်ဘက်၏ ဖမ်းချုပ်ခြင်းခံရကာ အရှုံးပေးခဲ့ရသောကြောင့် မစ်ဒယ်ဝိတ်တန်းရွှေခါးပတ် ကို စွန့်လွှတ်လိုက်ရကြောင်း သိရသည်။
အောင်လအန်ဆန်မှာ ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများရထားသူဖြစ်ပြီး ယခုပွဲရှုံးနိမ့်ခဲ့၍ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို လက်လွှတ်ခဲ့ရကြောင်းသိရသည်။
One Championship ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ–One Championship)
ONE Championship သည် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပါဝင်သည့် Inside The Matrix ပြိုင်ပွဲ ကို စင်ကာပူနိုင်ငံ ၌ကျင်းပခဲ့ပြီး ချန်ပီယံလုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လေးပွဲမြောက် ကာကွယ်ရခြင်းဖြစ်ကြောင်း၊ အောင်လ အန်ဆန်သည် ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့်နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင် ရထားခဲ့ကြောင်း သိရသည်။ (Xinhua)