Connect with us

Economy

မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ဖိုရမ် နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ် ချုပ်ဆိုပွဲ လားရှိုးမြို့၌ ကျင်းပ

မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ဖိုရမ် နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

လားရှိုး ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လားရှိူးမြို့၌ ပထမဆုံး အကြိမ် ကျင်းပသည့် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲ ဒုတိယနေ့ နိုဝင်ဘာ ၂၂ ရက်တွင်  မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ဖိုရမ် နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ် ချုပ်ဆိုပွဲအား ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ဖိုရမ် ဖြစ်သည့် မြန်မာ(လားရှိုး) – တရုတ်(လင်ချန်း) နှစ်ဖက် ကုန်သည် လုပ်ငန်းရှင်များ၏ ချင်းရွှေဟော် လမ်းကြောင်းသစ် တည်ဆောက်ရေး နှီးနှောဖလှယ် ဆွေးနွေးပွဲကို ဦးစွာ စတင် ကျင်းပခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် နှစ်နိုင်ငံ၏ ကုန်သွယ်မှု လိုအပ်ချက်များကို လေ့လာ၍ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ပူးပေါင်း ဆောင်ရွက်မှု Win Win Situation ရရှိအောင် ပိုမို ဆောင်ရွက် သွားကြစေလိုကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အားယူ ကြိုးပမ်းနေဆဲ အချိန်ကာလ ဖြစ်သည့် အတွက်ကြောင့် တရုတ် နိုင်ငံ အစိုးရ နှင့် ကုန်သည် လုပ်ငန်းရှင်များ၏ ဆွေမျိုးပေါက်ဖော် စိတ်ထားဖြင့် ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာ နိုင်ငံ နှင့် မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များ အတွက် များစွာ အထောက်အကူ ပြုစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အကြား လက်မှတ် ရေးထိုးကြသည့် သဘောတူညီချက်များအား ခင်မင် ရင်းနှီးစွာ တက်တက်ကြွကြွဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ယခု ကျင်းပသော ဖိုရမ်သို့ မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး နှစ်ဖက် သဘောတူညီမှု လက်မှတ်များ ရေးထိုးကြမည် ဖြစ်သဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူ ပြုစေလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

 

 လင်ချန်းမြို့ ပြည်သူ့အစိုးရ ပါတီ အတွင်းရေးမှူး Mr.Yang Haodong က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် လင်ချန်းမြို့ ပြည်သူ့အစိုးရ ပါတီ အတွင်းရေးမှူး Mr.Yang Haodong က မိမိတို့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွား ကုန်သွယ် စီးဆင်းမှု ပိုမို အဆင်ပြေ ပိုမို ဈေးသက်သာသည့် ပေါက်ရောက်နိုင်ရေး လုပ်ဆောင်လိုကြောင်း ၊ နှစ်ဦးနှစ်ဖက်၏ ကြိုးစားမှုအောက်တွင် နှစ်ဦးနှစ်ဘက်၏ စီးပွားကုန်သည် အသင်းများ ၊ စီးပွားရေး လုပ်ငန်းရှင်များ အတူလက်တွဲပြီး ချင်းရွှေဟော် လမ်းသစ်ကို ဖောက်နိုင်မည်ဟု မျှော်လင့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

 

 

ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းဘိုဘိုက ဆွေးနွေး ပြောကြားနေစဉ်(ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ  ဦးစိုင်းဘိုဘိုက ဒေသ နှစ်ခု အနာဂတ် ဖွံဖြိုး တိုးတက်ရေး ကူးသန်း ရောင်းဝယ်ရေးသာမက စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ခရီးသွား လုပ်ငန်းများတွင်လည်း ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများနှင့် အရင်းအမြစ်များကို ဖော်ထုတ်ပြီး ကုန်သည် လုပ်ငန်းရှင်များ အချင်းချင်း အပြန်အလှန် လေးစား ထိန်းကျောင်းကာ ပူးပေါင်း လုပ်ကိုင် သွားကြရမည် ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး ဒေသမှာ သဘာဝ အရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ရှိနေသည် ဖြစ်၍ ရိုးရာ ယဉ်ကျေးမှုကို အပြန်အလှန် ဖလှယ်ရင်း ခရီးသွား လုပ်ငန်းများကိုပါ အတူလက်တွဲ ဆောင်ရွက်သွားမည် ဆိုပါက ချင်းရွှေဟော် လမ်းကြောင်းသစ်သည် တစ်ရှိန်ထိုး တိုးတက်လာမည် ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ နှီးနှောဖလှယ် ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်များအား လက်မှတ် ရေးထိုးခဲ့ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှု အသင်း အပါအဝင် အသင်းအဖွဲ့ ၅ ဖွဲ့ ၊ နှစ်ဘက် ကုမ္ပဏီ ၁၆ ခုတို့ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ ဆွေးနွေးပွဲ အတွင်း နှစ်ဖက် လုပ်ငန်းရှင် ကုမ္ပဏီများ အစုအဖွဲ့လိုက် လွတ်လပ် ရင်းနှီးစွာ နှီးနှော ဖလှယ်ခြင်း ၊ အစုအဖွဲ့အလိုက် နှီးနှော ဆွေးနွေးမှုများအား အပြန်အလှန် သုံးသပ် အကြံပြု ဆွေးနွေးခြင်းများကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲအား မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့နှင့် တရုတ် နိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲ၏ ဆောင်ပုဒ်မှာ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်သွယ် ၊ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုတို့ အတူတကွ လျှောက်လှမ်းကြပါစို့” ဖြစ်ကြောင်း သိရသည်။(Xinhua)