Connect with us

Economy

တရုတ် (လင်ချန်း) – မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်လှစ်

ရန်ကုန် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသအကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-မြန်မာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတည်ဆောက်မှုကို ကူညီတွန်းအားပေးရန် ရည်မှန်းချက်ဖြင့် ဒုတိယအကြိမ် တရုတ် (လင်ချန်း) – မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက်တွင် အွန်လိုင်းနှင့်အော့ဖ်လိုင်း တစ်ချိန်တည်းကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က တက်ရောက်ခဲ့ပြီး သံမှူးက ဒုတိယအကြိမ် နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲအား အွန်လိုင်းဖြင့်ကျင်းပမှုကိုဂုဏ်ပြုကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသမိုင်းရှည်ကြာပြီး နယ်စပ်ကုန်စည်ပြပွဲကို နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံရှမ်းပြည်နယ်သည် တည်နေရာချင်းနီးကပ်ပြီး ပြည်သူအချင်းချင်းရင်းရင်းနှီးနှီးရှိကြကြောင်း၊ မိန့်တင်-ချင်းရွှေဟော်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံ မြောက်ပိုင်း အရေးပါမြို့ဖြစ်သည့် လားရှိုးမြို့သည် ကီလိုမီတာ ၁၅၀ ကျော်သာကွာဝေးကြောင်း၊ လတ်တလောနှစ်များတွင် လင်ချန်းမြို့က “ကြိုတင်လုပ်ဆောင်ချက်လေးခု” ဖြင့် မြန်မာနိုင်ငံအပေါ် “ချိတ်ဆက်မှုငါးမျိုး” ကို တက်တက်ကြွကြွ ထောက်ကူအားပေးကာ တည်နေရာအားသာချက်ကို အသုံးပြု၍ တောင်အာရှ၊ အရှေ့တောင်အာရှနှင့်ဆက်ဆံမှုကို အဆက်မပြတ်မြှင့်တင်ကြောင်း၊ လားရှိုးသည် မြန်မာနိုင်ငံမြောက်ပိုင်း၏ အရေးပါတံခါးပေါက်ဖြစ်ပြီး တရုတ်-မြန်မာကုန်သွယ်ဆက်ဆံရေး၏ ပေါင်းကူးတံတားဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာလမ်းကြောင်းသစ် လင်ချန်းဘူတာစတင်ဖွင့်လှစ်မှုအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် ပထမအကြိမ် တရုတ် (လင်ချန်း) – မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် ရလဒ်ကောင်းများစွာရရှိပြီး ကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုရှိသဖြင့် တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းလောကနှင့် နယ်စပ်ဒေသပြည်သူများ၏ကြိုဆိုခြင်းခံရကာ နှစ်ဦးနှစ်ဖက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်လှမ်းချီရန် တွန်းအားပေးလိုက်ကြောင်း၊ ယခုနှစ်ကပ်ရောဂါကိုရင်ဆိုင်ရာတွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က အခက်အခဲများကိုအတူကျော်ဖြတ်ကာ “အွန်လိုင်း” စနစ်ဖြင့် ဤအခမ်းအနားကို အတူဆက်လက်ကျင်းပပြီး ကပ်ရောဂါအခြေအနေအောက်တွင် တရုတ်-မြန်မာ Supply chain နှင့် Industry chain တည်ငြိမ်မှုကိုအကျိုးပြုပြီး နှစ်နိုင်ငံနယ်စပ်ဒေသ စီးပွားရေးနှင့် ပြည်သူများစားဝတ်နေရေးကို အကျိုးဖြစ်ထွန်းစေကြောင်း၊ နှစ်ဦးနှစ်ဖက်က နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲမှတစ်ဆင့် စျေးကွက်အကျိုးစီးပွားမျှဝေပြီး စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ကာ စီးပွားရေးပြန်လည်ဦးမော့လာရန် အတူတကွတွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က မြန်မာနိုင်ငံကပ်ရောဂါတတိယလှိုင်းကာလအတွင်း၌ လင်ချန်းမြို့မှ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် နှာခေါင်းစည်းစသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများစွာ လှူဒါန်းပေးအပ်ခဲ့ပြီး လင်ချန်းပြည်သူများက မြန်မာပြည်သူများအပေါ် နက်ရှိုင်းလှသည့်သံယောဇဉ်ကို ထင်ဟပ်စေကာ တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသည့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပာယ်ဖွင့်ဆိုပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ပြီး မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် “စင်္ကြံအသစ်အတူတည်ဆောက်၍ ဆွေမျိုးပေါက်ဖော်သံယောဇဉ် အတူဆက်လက်ရေးသား” ဟူသည့်ခေါင်းစဉ်ဖြင့်ကျင်းပပြီး ပြပွဲအား ၅ ရက်ကြာပြသမည်ဖြစ်ကာ “အွန်လိုင်း တရုတ်-တောင်အာရှကုန်စည်ပြပွဲ” ပလက်ဖောင်းကိုအသုံးပြု၍ ဒုတိယအကြိမ် တရုတ် (လင်ချန်း) – မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ သီးသန့်ခန်းမထားရှိကာ ကုန်ပစ္စည်းများပြသမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Mr. Yang Haodong ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Xiaohua ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေနှင့် တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြပွဲပါဝင်ပြသသူများ၊ ဝယ်ယူသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Mr. Yang Haodong က မြန်မာနိုင်ငံ၏ထောက်ခံအားပေးမှုနှင့် နှစ်နိုင်ငံအတူတကွကြိုးပမ်းမှုအောက်တွင် ယနေ့၌ “တရုတ်ယူနန်-မြန်မာရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်” ကို ပထမအကြိမ် အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဆုံးအသုတ်ဖြစ်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်းကွန်တိန်နာများသည် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသို့ပြည်ဝင်ကာ နောက်သုံးရက်အကြာ၌ နောက်ဆုံးခရီးပန်းတိုင်ဖြစ်သည့် တရုတ်နိုင်ငံချန်တူးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Xi Jinping ကမကြာသေးမီကပင် နယ်စပ်ဒေသဖြစ်သည့် လင်ချန်းမြို့သို့စာပြန်ကာ လင်ချန်းမြို့အတွက် မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းပေးလာသည့် အရေးပါသမိုင်းဝင်အချိန်အခါတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် အောင်မြင်စွာစမ်းသပ်ဖွင့်လှစ်နိုင်ခြင်းသည် တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးဆက်ဆံမှုကို ခိုင်မာစေသည့် အရေးကြီးထိုးဖောက်မှုဖြစ်ကြောင်း၊ ပြပွဲသည် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ပြီး နှစ်နိုင်ငံကုမ္ပဏီနှင့်ပြည်သူများ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုကို နီးစပ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ လင်ချန်းသည်လည်း “Belt and Road” နှင့် “Economic Pivot” တည်ဆောက်မှုကို ဆက်လက်တာဝန်ယူပြီး မြန်မာနိုင်ငံအပေါ် တံခါးဖွင့်လှစ်မှုနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွဖော်ဆောင်ပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာအသစ်ကို အတူရေးဆွဲသွားလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာဘက်က အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများပြားကြောင်း၊ ယခုအကြိမ် အွန်လိုင်းနယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် နယ်စပ်ဒေသပြည်သူများ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှုကို အကျိုးပြုကြောင်း၊ မြန်မာ-တရုတ်လုပ်ငန်းရှင်များက အွန်လိုင်းနယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲမှတစ်ဆင့် ချိတ်ဆက်မှုထူထောင်ပြီး အချက်အလက်များ အတူမျှဝေကာ ကုန်ပစ္စည်းကြော်ငြာ၍ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်၍ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအကြိမ် တရုတ် (လင်ချန်း) – မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၇၂ ခု တက်ရောက်ပြသပြီး အဓိကအားဖြင့် စိုက်ပျိုးရေးကုန်ပစ္စည်း၊ ဇီဝဆေးဝါး၊ အိမ်သုံးအီလက်ထရောနစ်ပစ္စည်း၊ အဝတ်အထည်၊ ပိုးထည်စသည်တို့ကိုပြသမည်ဖြစ်သည်။ မြန်မာဘက်မှ လုပ်ငန်းကုမ္ပဏီပေါင်း ၂၇ ခု တက်ရောက်ပြသပြီး အဓိကအားဖြင့် ကျောက်မျက်ရတနာ၊ သစ်သားဖြင့်ပြုလုပ်သောပစ္စည်း၊ ပရိဘောဂ၊ စိုက်ပျိုးရေးနှင့်ရေထွက်ကုန် စသည်တို့ပြသမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)